အိုင်အက်စ်အဖွဲ့ဝင် ၈ ဦးကို အီရန်တို့ သေဒဏ်ချမှတ်

အိုင်အက်စ်အဖွဲ့ဝင် ၈ ဦးကို အီရန်တို့ သေဒဏ်ချမှတ်

တဟီရန်၊ အီရန်၊ မေ ၁၃ ။            ။ အီရန်အစိုးရသည် ပြီးခဲ့သောနှစ်က တဟီရန်မြို့တွင်ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု ၂ခုအတွက် အစ္စလာမ်မစ် နိုင်ငံတော်အဖွဲ့ အိုင်အက်စ်တို့နှင့် အဆက်အသွယ်ရှိသည်ဟု ယူဆရသောအဖွဲ့ဝင် ၈ ဦးကို သေဒဏ်ချမှတ်ခဲ့ ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက တနင်္ဂနွေနေ့တွင် တင်ပြခဲ့သည်။

တိုက်ခိုက်မှုများသည် အိုင်အက်စ်တို့အနေဖြင့် အီရန်မြေပေါ်ကျူးလွန်သော ပထမဦးဆုံးတိုက်ခိုက်မှုဖြစ်ပြီး ပါလီမန်အဆောက်အဦးနှင့် တော်လှန်ရေးခေါင်းဆောင်ကြီး အယာတိုလာရူဟိုလာခိုမီနီ၏ ဗိမာန်ကိုပစ်မှတ်ထား ခဲ့ခြင်းဖြစ်ကာ လူ ၁၇ ဦးသေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။

“ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး ဒီတရားခံ ၈ ဦးဟာ အပြစ်ရှိတယ်လို့ တွေ့ရှိရပါတယ်” ဟု တရားရုံးကကြေညာခဲ့သည် ဟု Mizan အွန်လိုင်းသတင်းဌာနက ဆိုခဲ့သည်။

ထိုတရားခံများအား တရားစီရင်မှုကို ဧပြီလ ၂၈ ရက်နေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ကျူးလွန်ခဲ့သူများသည် ဂျူရီဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်ကြောင်း သိရသည်။

 ပြီးခဲ့သောနှစ် ဇွန်လ ရ ရက်နေ့ကဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအတွက် အဓိကကြိုးကိုင်သူ ၅ ဦး သေဆုံး ခဲ့ပြီး အချို့တရားခံများသည် တိုက်ခိုက်သူများကို ကူညီခဲ့သည့်အတွက် တရားရင်ဆိုင်ရခြင်းဖြစ်သည်။

သတင်းအေဂျင်စီ၏အဆိုအရ တရားရေးရာဌာနမှ ကနဦးကြားနာမှုကို ဧပြီလအနှောင်းပိုင်းတွင်ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုများအပြီး ဖမ်းဆီးခံခဲ့ရသူ ၂၆ ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထိုထဲမှအချို့သည် အီရန်နိုင်ငံသို့ ပြန်လာပြီး တိုက်ခိုက်မှုများမကျူးလွန်ခင်ကတည်းက ပြည်ပရှိ အိုက်အက်စ်များနှင့် ပူးပေါင်းခဲ့သည်ဟု စွပ်စွဲခံ ထားရကြောင်း Mizan Online က ဆိုခဲ့သည်။

အီရန်တို့သည် အိုင်အက်စ်အကြမ်းဖက်သမားများကို တိုက်ထုတ်ရန်အတွက် အီရတ်နှင့်ဆီးရီးယားအစိုးရများကို စစ်ရေးအရအကူအညီပေးခဲ့သလို အီရန်နှင့်အာဖဂန်စစ်ရေးအကြံပေးများကိုလည်း စေလွှတ်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly