ပထမဦးဆုံး တရုတ်ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောကြီးကို ပင်လယ်ပြင်၌ စမ်းသပ်မောင်းနှင်

ပထမဦးဆုံး တရုတ်ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောကြီးကို ပင်လယ်ပြင်၌ စမ်းသပ်မောင်းနှင်

ပေကျင်း၊ တရုတ်၊ မေ ၁၃ ။            ။ တရုတ်နိုင်ငံ၌ တည်ဆောက်ထုတ်လုပ်ထားသည့် ပထမဦးဆုံး ပြည်တွင်းဖြစ်လေယာဉ်တင်သင်္ဘောကြီးကို ပင်လယ်ပြင်၌ စမ်းသပ်မောင်းနှင်မှုအား စတင်ခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

Type 001A ဟု အမည်ပေးထားသော ယင်းသင်္ဘောကြီးသည် ရေတပ်အင်အားကို အဆင့်မြှင့်တင်လိုသော တရုတ်နိုင်ငံအတွက် အင်အားကြီးတစ်ခုဖြစ်လာပြီး ဒေသစံတော်ချိန် မနက် ၆း၄၅ နာရီခန့်တွင် နိုင်ငံအရှေ့ မြောက်ပိုင်းဆိပ်ကမ်းမှထွက်ခွာပြီး ပင်လယ်ရေကြောင်း စမ်းသပ်မောင်းနှင်မှုကို စတင်ခဲ့သည်။

လာမည့် ၂၀၂၀ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ရန် မျှော်မှန်းထားသော ယင်းသင်္ဘောကြီးသည် တရုတ် နိုင်ငံမှပိုင်ဆိုင်သော ဒုတိယမြောက် လေယာဉ်တင်သင်္ဘောကြီးဖြစ်ပြီး တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ် ရေပိုက်နက်ထဲတို့တွင် လွတ်လပ်စွာ လှုပ်ရှားသွားလာမည်ဟု သိရသည်။

လေကြောင်းမှမှတ်တမ်းတင်ထားသော ဗီဒီယိုထဲ၌ ယင်းသင်္ဘောကြီးသည် ၄င်းအားလိုက်ပါစောင့်ကြပ်သော စစ်ရေယာဉ်များနှင့်အတူ ပင်လယ်ပြင်ထဲ၌ ခရီးဆန့်နေသည်ကို တွေ့မြင်ရသည်။ ဒါ့အပြင် သင်္ဘောအင်ဂျင်၏ ခရီးနှင်နိုင်မှုနှင့် ရေကြောင်းသွားလာမှုစနစ်တို့ကို စမ်းသပ်သွားမည်ဟု သိရသည်။

တရုတ်နိုင်ငံမှ ပိုင်ဆိုင်သော ပထမဦးဆုံးလေယာဉ်တင်သင်္ဘောမှာ Liaoning ဟုအမည်ရပြီး ယင်းမှာ ယူကရိန်း မှဝယ်ယူထားသော ဆိုဗီယက်လုပ်သင်္ဘောကြီးဖြစ်ကာ လွန်ခဲ့သော ၂၀၁၂ခုနှစ်က စတင်အသုံးပြုခဲ့သည်။

Liaoning နှင့် Type 001A တို့နှစ်စီးစလုံးမှာ နျူကလီးယာစွမ်းအင်သုံး သင်္ဘောများမဟုတ်သော်လည်း လေယာဉ် ၄၀ ခန့်ကို တင်ဆောင်နိုင်သည်။ ပြည်တွင်းလုပ်လေယာဉ်တင်သင်္ဘောကြီးကို ပိုင်ဆိုင်သောကြောင့် အမေရိကန်၊ ရုရှားနှင့် ဗြိတိန်တို့ကဲ့သို့ ရေယာဉ်များပိုင်ဆိုင်လာမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့ သော်လည်း လေယာဉ်တင်သင်္ဘော ၁၁ စီးပိုင်ဆိုင်ထားသော အမေရိကန်ရေတပ်ကဲ့သို့ နျူကလီးယားစွမ်းအင် သုံးသင်္ဘောကြီးများနှင့် မယှဉ်နိုင်သေးကြောင်း သိရသည်။

လက်ရှိအချိန်တွင် တရုတ်ပညာရှင်များသည် တတိယမြောက်လေယာဉ်တင်သင်္ဘောကို ဆောက်လုပ်နေသည် ဟု တရုတ်နိုင်ငံပိုင်မီဒီယာများက ခန့်မှန်းဖော်ပြနေကြသော်လည်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကမူ အတည်ပြုခြင်းမရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly