စစ်ဆေးဆဲအမှုများကို လျှို့ဝှက်ထားသည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်

စစ်ဆေးဆဲအမှုများကို လျှို့ဝှက်ထားသည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်

ရန်ကုန် ၊ မေ ၁၃ ။        ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် စစ်ဆေးဆဲအမှုများကို ထုတ်ပြန်ခြင်းမရှိဘဲ လျှို့ဝှက်ထားရှိကာ ဆောင်ရွက်နေသည်ဟု ယနေ့ မေလ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ (၆) ဖွဲကို ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးရေး လုပ်ငန်းများ လုပ်ဆောင်နေပြီး တိုင်ကြားစာများနှင့်ပတ်သက်ပြီး သတင်းအချက်အလက်ပြည့်စုံစွာရရှိရန် ကြိုတင်စုံစမ်းမှု (၁၈) မှုကို ဆောင်ရွက်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၏ နေအိမ်သို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ၀င်ရောက်စစ်ဆေးခဲ့ပြီး ဦးကျော်ဝင်း၏ သားဖြစ်သူကို စစ်ဆေးနေသည်ဟု မေလ၁၂ရက်တွင် အတည်မပြုနိုင်သည့်သတင်းများ ထွက်ပေါ်လာပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ မေလ၁၃ရက်တွင် ယခုလို သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သမ္မတဦးဝင်းမြင့် နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ တွေ့ဆုံစဉ် “ကော်မရှင်အနေဖြင့် မိမိဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး ပြတ်ပြတ်သားသား ဆောင်ရွက်သွားရန်” သမ္မတဦးဝင်းမြင့်က လမ်းညွှန်ထားသည်။

ပြည်ထောင်စုလွှတ်တော်တွင် မတ်လ ၃၀ရက်က ပထမဆုံးပြောကြားသည့် သမ္မတ မိန့်ခွန်းတွင်လည်း “အဂတိလိုက်စားမှုများကို ထိထိရောက်ရောက် ပိုမိုတိုက်ဖျက်ရပါလိမ့်မယ်” ဟု ဦးဝင်းမြင့်က ပြောကြားထားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကိုလည်း အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးနေပြီဖြစ်ပြီး အဆိုပါ ဥပဒေ အတည်ဖြစ်လာပါက ကျော်စောသတင်းရှိသူများကိုပါ စစ်ဆေးမှုများ ပြုလုပ်လာနိုင်ကာ ကော်မရှင်အနေဖြင့် လုပ်သာကိုင်သာ ပိုမိုရရှိလာမည့်အနေအထား ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly