မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုစခန်းများ ပိတ်သိမ်းမည့်အစီအစဉ်ကို အမေရိကန်ကြိုဆို

မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုစခန်းများ ပိတ်သိမ်းမည့်အစီအစဉ်ကို အမေရိကန်ကြိုဆို

ဆိုးလ်၊ တောင်ကိုရီးယား၊ မေ ၁၃ ။             ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအမ်းက တရုတ်နယ်စပ်အနီးရှိ ၄င်းတို့၏နျူကလီးယားစမ်းမှုစခန်းကို ယခုလအနှောင်းပိုင်းတွင် အပြီးတိုင်ပိတ်သိမ်းတော့မည်ဟု ကတိပေးခဲ့ပြီး ထိုအစီအစဉ်ကို အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က လက်ခံကြိုဆိုခဲ့ကြသည်။

မြောက်ကိုရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှ တောင်ကြီးတစ်လုံးအောက်တွင်တည်ရှိသည့် Punggye-ri နျူကလီးယားစမ်းသပ်စခန်းတွင် ပြံုယမ်းအစိုးရသည် စုစုပေါင်း နျူကလီးယားစမ်းသပ်မှု ၆ ခုကို ပြုလုပ်ခဲ့ပြီး နောက်ဆုံးပြုလုပ်ခဲ့သော စမ်းသပ်မှုမှာ လွန်ခဲ့သောစက်တင်ဘာလတုန်းက ဖြစ်သည်။

ပြံုယမ်းအစိုးရက ၄င်းတို့သည် လာမည့်မေလ ၂၃ နှင့် ၂၅ ရက်ကြားတွင် ယင်းနျူကလီးယားစမ်းသပ်စခန်း ပိတ်သိမ်းမှုအခမ်းအနားကို ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံခြားမီဒီယာများကိုဖိတ်ကြားကာ ၄င်းတို့ရှေ့မှောက်တွင် ထိုစခန်းကြီး၏ ဥမင်လှိုဏ်ခေါင်းများကို ဖောက်ခွဲဖျက်စီးသွားမည်ဟု စနေနေ့က ကြေညာခဲ့သည်။

ယင်းကြေညာချက်သည် လာမည့်ဇွန်လ ၁၂ ရက်နေ့တွင်ကျင်းပမည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအမ်းနှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့၏ သမိုင်းဝင်တွေ့ဆုံဆွေးနွေးပွဲမတိုင်မီတွင် ထွက်ပေါ် လာသည့် သံတမန်ရေးရာလုပ်ဆောင်ချက်တစ်ခုပင်ဖြစ်သည်။

“မြောက်ကိုရီးယားဟာ သူတို့ရဲ့နျူကလီးယားစမ်းသပ်မှုစခန်းကို ယခုလအတွင်း ဖျက်သိမ်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဇွန်လ ၁၂ ရက်နေ့မှာ ကျင်းပမယ့် အစည်းအဝေးမတိုင်မီ   ပြုလုပ်သွားမယ်လို့သိရပါတယ်။ ကျေးဇူးအရမ်းတင်ပါတယ်။ အရမ်းကိုကောင်းမွန်ပြီး သိမ်မွေ့တဲ့အပြုအမူလေးတစ်ခုပါပဲ” ဟု ဒေါ်နယ်ထရမ့်က သူ၏တွစ်တာမှတဆင့် ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဒါ့အပြင် တောင်ကိုရီးယားအစိုးရကလည်း မြောက်ကိုရီးယားတို့၏ကြေညာချက်ကို လက်ခံကြိုဆိုခဲ့ပြီး တောင်ကိုရီးယားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကင်မ်အူကျိုးမ်က “မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ထိပ်သီးစည်းဝေးပွဲမတိုင်မီမှာ ထွက်ပေါ်လာတဲ့ ပြုံယမ်းအစိုးရရဲ့ကြေညာချက်ကြောင့် နှစ်ဖက်ခေါင်းဆောင်များ ကြားမှာ ယုံကြည်မှုတွေပိုမိုခိုင်မာလာမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ပြောဆိုခဲ့ကြောင်း ယိုဟပ် သတင်းဌာနက တင်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly