ကစားသမားများ လေ့ကျင့်ရေးအတွက်ထောက်ပံ့မှုများ လိုအပ်နေဟု အလေးမ အတွင်းရေးမှူးပြော

ကစားသမားများ လေ့ကျင့်ရေးအတွက်ထောက်ပံ့မှုများ လိုအပ်နေဟု အလေးမ အတွင်းရေးမှူးပြော
ဇွန်လက ထိုင်းနိုင်ငံ၌ ပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှ အလေးမပြိုင်ပွဲ ၆၉ ကီလိုတန်းတွင် မိုးသူဇာ ပြိုင်ပွဲဝင်နေစဉ်။  ဓာတ်ပုံ -ထိုင်းအလေးမအဖွဲ့ချုပ်

မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်သည် လက်ရွေးစင် အလေးမကစားသမားများ လေ့ကျင့်မှု မပြတ်စေရန်နှင့် နိုင်ငံတကာ အလေးမပြိုင်ပွဲများ ဝင်ပြိုင်ရန် လေ့ကျင့်မှုများ ပြုလုပ်နေသော်လည်း ကစားသမားများ ၏လေ့ကျင့်ရေးအတွက် ထောက်ပံ့မှုများ လိုအပ်နေသည်ဟု မြန်မာနိုင်ငံ အလေးမ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမြင့်ဆွေက မဇ္ဈိမကို ပြောသည်။

မြန်မာ့လက်ရွေးစင် အလေးမအားကစားအဖွဲ့သည် ၂၀၁၅ ဇွန်လက ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့ သော ပထမအကြိမ် အရှေ့တောင်အာရှ အလေးမ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခုနှင့် ကြေးတံ ဆိပ်သုံး ခုရခဲ့သည်။

ထို့ပြင် လာမည့်စက်တင်ဘာ ၆ ရက်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် ၂၆ ကြိမ် မြောက် အာရှစီနီယာ အမျိုးသမီး အလေးမ ချန်ပီယံရှစ်ပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင် အမျိုးသမီး အလေးမ ကစားသမားနှစ်ဦး ထပ်မံယှဉ်ပြိုင်ရန် ရှိနေသည်။

လက်ရှိအချိန်တွင် အားကစားဝန်ကြီးဌာနက ၂၀၁၃ ဆီးဂိမ်းအပြီးတွင် အားကစားအဖွဲ့များ၏ လေ့ကျင့်ရေးစခန်းများ ရပ်နားထားသောကြောင့် လေ့ကျင့်ရေးမပြတ် ပြုလုပ်နေသော အလေးမ အားကစား သမားများသည် ကိုယ်ထူကိုယ်ထပုံစံ မိမိစရိတ်ဖြင့် စခန်းဝင် လေ့ကျင့်နေရသည်။

“အလေးမက တစ်နှစ်ပတ်လုံး ကစားရတဲ့ ကစားနည်းပါ။ ဘယ်အားကစားနည်းမဆိုပါ။ အားကစားသမားရဲ့ Strength ၄၈ နာရီကြာရင် ကျသွားတယ်။ နားလိုက်ပြီဆိုရင် အဲဒါတွေ အကုန် ကျတယ်။ တစ်လနှစ်လလောက် နားလိုက်ရင် အစက ပြန်လုပ်ရမှာပါ။ စံချိန်တစ်ခုရဖို့ လေး၊ ငါး၊ ခြောက်လ ကြိုးစားရတာပါ။

ဒါကြောင့် ကစာသမားတွေကို ပြောတယ်။ နိုင်ငံတော်က ကမ့်တွေ ရပ်နားထားတယ်။ ထောက်ပံ့မှုမရှိဘူး။ အဖွဲ့ချုပ်ဥက္ကဋ္ဌက ထောက်ပံ့မှုမရှိဘူး။ လေ့ကျင့်ရေးကတော့ ဆက်လုပ်မှ ဖြစ်မယ်။ အဲဒီတော့ ကိုယ့်စရိတ် ကိုယ်စားပြီးတော့ နေနိုင်ရင် လေ့ကျင့်ရေးစခန်းကို လာခဲ့ပါ။ တတ်နိုင်သလောက် ပံ့ပိုးမယ်ဆိုပြီး ပြောတယ်။ အဖွဲ့ချုပ်အနေနဲ့ စားဖို့ ဆန်ဝယ်ပေးတယ်။ ဒီလောက်ပဲ လုပ်ပေးနိုင်တယ်။

ဟင်းကတော့ သူတို့ ချက်စားကြတယ်။ ဒါကျွန်တော်တို့ လုပ်နေရတဲ့ အနေအထားပါ”ဟု အလေးမအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးမြင့်ဆွေက မဇ္ဈိမကို ပြောသည်။

စက်တင်ဘာ ၆ ရက်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် ၂၆ ကြိမ်မြောက် အာရှစီနီယာ အမျိုးသမီး အလေးမ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ပြိုင်မည့် မြန်မာအလေးမ ကစားသမားနှစ်ဦး၏ ပြိုင်ပွဲဝင်ကြေးနှင့် နေထိုင်၊ စားသောက်စရိတ်များကို အာရှအလေးမအဖွဲ့ချုပ်က ကျခံပေးခြင်းဖြစ်သော်လည်း ပြိုင်ပွဲသို့ သွားရောက်မည့် လေယာဉ်စရိတ်ကိုမူ မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်က ကုန်ကျခံရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly