သဲကုန်းတွင် ခရီးသည်ယာဉ်မှောက်၊ ၈ ဦးသေ၊ ၂ဝ ဦးဒဏ်ရာရ

သဲကုန်းတွင် ခရီးသည်ယာဉ်မှောက်၊ ၈ ဦးသေ၊ ၂ဝ ဦးဒဏ်ရာရ
ဓာတ်ပုံ - ပြည်ထဲရေး

 

ရန်ကုန်၊ မေလ ၁၂ ။           ။ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်(၁၅၃/၅-၆) ကြားတွင် မြရတနာ ခရီးသည်မှန်လုံယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပြီး  ၈ ဦးသေဆုံးခဲ့ကာ ၂ဝ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ မေလ ၁၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုမှာ မေလ ၁၁ ရက်၊ မွန်းလွဲ ၁ နာရီ၊ ၅ဝ မိနစ်ခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရှိန် မထိန်းနိုင်ဘဲ ကားဘီးစလစ်ဖြစ်ကာ လမ်းယာဘက်သို့ ပက်လက်လန် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိမ်းမှောက်ခဲ့သည့် ခရီးသည်ယာဉ်ပေါ်တွင် ခရီးသည် ၄၈ ဦးလိုက်ပါလာခြင်းဖြစ်ကာ အသက် ၂၅ နှစ်အရွယ် ကိုဖြိုး(ခ)ဖြိုးလေးဆိုသူမောင်းနှင်ပြီး အသက် ၁၈ နှစ်အရွယ် မောင်ကျော်(ခ)ဗိုထိပ်ဆိုသူက ယာဉ်နောက်လိုက် အဖြစ် လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မှ ဒဏ်ရာရရှိခြင်းမရှိဘဲ ခရီးသည် ၄၈ ဦးအနက် အောင်စေမြင့်ဆိုသူအပါအဝင် ၈ ဦး( ကျား ၅၊ မ ၃ )တို့မှာ ပေါက်ပြဲ၊ ဖူးရောင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားနေရာတွင် သေဆုံးခဲ့သည်။

အောင်သိန်းဇော်ဆိုသူ ခရီးသည်အပါအဝင် ၂ဝ ဦး၊ (ကျား ၁၂ ဦး၊ မ ၈ ဦး) တို့မှာ ပေါက်ပြဲ၊ ဖူးရောင်ဒဏ် ရာများရရှိခဲ့ပြီး အင်းမတိုက်နယ်ဆေးရုံသို့ အချိန်မီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးထားသည့် ယာဉ်မောင်း ကိုဖြိုး(ခ)ဖြိုးလေးအား အင်းမနယ်မြေရဲစခန်းတွင် ယာဉ်(ပ) ၁၂/၂ဝ၁၈ ရာဇသတ်ကြီး ပုဒ်မ ၃ဝ၄- က/ ၃၃၈/ ၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမာန် နာကျင်စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly