မူဆယ်မြို့တွင်း၌ တပ်မတော်နှင့် TNLA တိုက်ပွဲဖြစ်

မူဆယ်မြို့တွင်း၌ တပ်မတော်နှင့် TNLA တိုက်ပွဲဖြစ်

ရန်ကုန် ၊ မေ ၁၂ ။          ။ မူဆယ်မြို့တွင်း၌ တပ်မတော် နှင့် ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့အကြား ယနေ့ မေ ၁၂ ရက်နေ့နံနက်ပိုင်းက တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တပ်မတော်မှ TNLA တောတွင်းစခန်းများအား လိုက်လံတိုက်ခိုက်ခြင်းကြောင့် တန်ပြန် မြို့တွင်းစစ်ဆင်ရေးတစ်ခုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာအိုက်ကျော်က မဇ္စျိမသို့အတည်ပြုပြောဆိုသည်။

"ကျွန်တော်တို့နေတဲ့တောတွင်းတွေကို မြန်မာတပ်မတော်က လိုက်လံတိုက်ခိုက်နေတာတစ်ခုရယ်၊ မဟာမိတ်ဖြစ်တဲ့ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် မြို့တွင်း အသေးစားစစ်ဆင်ရေး ပြုလုပ်တာဖြစ်တယ်" ဟု ဆိုသည်။

ယနေ့ မေ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် TNLA မှ မူဆယ်မြို့တွင်းသို့ ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မူဆယ်မြို့-နမ့်ခမ်း ကားလမ်း နမ့်ပေါ်ပန်ခမ်းတံတား ၊ စယ်လန့်ရွာထိပ်တပ်စခန်းအနီးတွင် နံနက် ၅ နာရီ မှ ရ နာရီ အထိ လည်းကောင်း၊ မူဆယ်-လားရှိုးလမ်းမပေါ်ရှိ နမ့်ပေါ်တံတားတို့တွင် နံနက် ၈ နာရီ ၄၀ မိနစ်တွင် လည်းကောင်း တပ်မတော်နှင့် TNLA အကြား ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများသည် လောင်းကစားရုံများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည့် နေရာတစ်ဝိုက် ဖြစ်နေခြင်းကြောင့် ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တိုက်ပွဲများ ရပ်တန့်သွားပြီဟုလည်း TNLA ဘက်က ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်မှ သတင်းထုတ်ပြန်ထားခြင်းမရှိသလို မဇ္စျိမအနေဖြင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း   ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags