ကချင်စစ်ဘေးရှောင်ပြည်သူ ရ ထောင်ခန့် ပုံမှန်လူနေမှုဘဝရောက်ရှိရန် လိုအပ်နေဟု ICRC ဆို

ကချင်စစ်ဘေးရှောင်ပြည်သူ ရ ထောင်ခန့် ပုံမှန်လူနေမှုဘဝရောက်ရှိရန် လိုအပ်နေဟု ICRC ဆို
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ မေလ ၁၁ ရက် ။           ။ ကချင်ပြည်နယ်တွင် ကာလရှည်ကြာ ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ရ ထောင်ခန့် ရှိနိုင်ပြီး ၄င်းတို့အတွက် ပုံမှန်လူနေမှုဘဝ   ပြန်လည်ရောက်ရှိစေရန် လုပ်ဆောင်ပေးသင့်ကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross-ICRC) က ဌာနေကိုယ်စားလှယ် Mr. Fabrizzo Carboni က ပြောသည်။

ကချင်ပြည်နယ်ရှိ ပဋိပက္ခအခြေအနေများနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ ကူညီထောက်ပံ့နေမှုများကို ရန်ကုန်မြို့ ICRC ရုံးတွင် မေလ ၁၁ ရက်နေ့၌ မီဒီယာများနှင့်တွေ့ဆုံကာ ပြောခဲ့ခြင်းဖြစ်သည်။

စစ်ဘေးရှောင်ဦးရေ ရ ထောင်ခန့်ရှိမည်ဟု ICRC မှ ခန့်မှန်းထားပြီး လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ ၃၄၀၀ ခန့်အား အကူညီအထောက်ပံ့များ ပေးအပ်ရေး၊ နေရပ်ပြန်နိုင်ရေးတို့အတွက် ICRC မှ ကြိုးစားဆောင်ရွက် ခဲ့သည်ဟု ဆိုသည်။

"အခုနောက်ဆုံးအခြေအနေမှာတော့ စစ်ဘေးရှောင်သူတွေ ပိုများလာပြီးတော့ ရ၀၀၀ လောက်ရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၃၄၀၀ လောက်ကို ကူညီထောက်ပံ့ပေးဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ နေရပ်ဒေသကို ပြန်ရောက်နိုင်အောင် လုပ်ပေးဖို့ လိုအပ်နေပါတယ်။ သူတို့ကို အကာအကွယ်ရဖို့ ၊ ပုံမှန်ဘဝ ပြန်ရောက်ဖို့ လုပ်ပေးသင့်ပါတယ်" ဟု အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ ဌာနေကိုယ်စားလှယ် Fabrizzo Carboni က မဇ္စျိမကို ပြောသည်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) သည် မြစ်ကြီးနားတွင် စစ်ဘေးရှောင် မိသားစုများ၏ လိုအပ်ချက်များကို ငွေကြေးအကူအညီထောက်ပံ့ပေးခြင်း၊ သန့်ရှင်းသောသောက်ရေသန့်ရရှိစေရန် Ceramic Filters များ ပေးအပ်ခြင်း၊ ၄င်းတို့၏ အပြည်ပြည်ဆိုင်ရာလူသားခြင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများ ချိုးဖောက်ခံရမှုမရှိစေရန်ပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ပေးနေသည်။

ကချင်ပြည်နယ်၌ မြစ်ကြီးနားမြို့၊ ဖားကန့် နှင့် ချီဖွေ ဒေသများတွင် စစ်ဘေးရှောင်စခန်း သုံးခုရှိနေပြီး ဧပြီလ အစောပိုင်းကာလများတွင် ကချင်ပြည်နယ်၌ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ ၆,၈၀၀ ရှိခဲ့ကာ ၄င်းနောက် စစ်ဘေးရှောင်ပြည်သူ ရ၀၀၀ ခန့်အထိ ဖြစ်လာခြင်းဖြစ်သည်။

စစ်ဘေးရှောင်သူအများစုမှာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးလာကြခြင်းဖြစ်ပြီး နေရင်းဒေသ ပြန်ပါက ပိုင်ဆိုင်မှုများ ပျောက်ဆုံးမည်ကို စိုးရိမ်ပူပန်နေကြသည်။

"အဓိကက စစ်ကြောင့် မိသားစုတွေ တကွဲတစ်ပြားဖြစ်တယ်။ တိရိစ္ဆာန်တွေလည်းမွေးထားတာအများကြီးပဲ။ ပစ္စည်းတွေလည်းအများကြီးပဲ အဲဒါတွေလည်းချန်ထားခဲ့ရတယ်။ အခုပြန်သွားရင်အဲဒါတွေပြန်ရပါ့မလားလို့ စိုးရိမ်နေရတယ်" ဟု မေခ၊ မလိခ မြစ်ဆုံအနီး တန်ဖရဲရွာမှ၊ ကက်သလစ်သာသနာ မာရိယာကောင်းကင်ဘုံ သခင်မ ဘုရားကျောင်းတွင် ခိုလှုံနေသူတစ်ဦးဖြစ်သည့် ပုံဆွေယမ်ရွာမှ ဦးကပ်တူးလ်နမ် က မေလ ၉ ရက်နေ့ က မဇ္စျိမကို ပြောသည်။

လတ်တလောတွင် ကချင်ပြည်နယ် အင်ဂျန်းယန်မြို့၊ တနိုင်းမြို့၊ ကာမိုင်းမြို့ အနီးတစ်ဝိုက်ရွာများတွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ် (KIA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ထိုတိုက်ပွဲများကြောင့် အနီးရှိကျေးရွာ ၁၆ ရွာမှ ဒေသခံ ၁၅၀၀ ခန့် မြစ်ကြီးနားမြို့ပေါ်သို့ မေလ ၉ ရက်က စစ်ရှောင်ရောက်ရှိလာကြ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly