မန္တလေးခရိုင်အတွင်း အမျိုးသမီးများအရေးအမှုအခင်းများအား ဥပဒေကုစားရေးအဖွဲ့(မြန်မာ)မှ အခမဲ့ရှေ့နေလိုက်ပေးနေ

မန္တလေးခရိုင်အတွင်း အမျိုးသမီးများအရေးအမှုအခင်းများအား ဥပဒေကုစားရေးအဖွဲ့(မြန်မာ)မှ အခမဲ့ရှေ့နေလိုက်ပေးနေ
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မေ ၁၁ ။           ။ မန္တလေးခရိုင်အတွင်းဖြစ်ပွားခဲ့သည့် အမျိုးသမီးများအကြမ်းဖက်ခံရမှုနှင့် သက်ငယ်မုဒိမ်းမှု၊ ကာမ လိမ်လည်ရယူမှုများကို Legal Clinic Myanmar (LCM) ဥပဒေကုစားရေးအဖွဲ့(မြန်မာ)မှ  အခမဲ့ရှေ့နေလိုက်ပေးခြင်းများ ကူညီဆောင်ရွက်ပေးလျှက်ရှိသည်ဟု LCM မန္တလေးရုံးခွဲတာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးသန္တာက မဇ္ဈိမကိုပြောသည်။

အဆိုပါရုံးခွဲကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၆၀၊ ၃၂လမ်းနှင့်၃၃လမ်းကြား၊ ခိုင်ရွှေဝါလမ်း၊ နဂါးကွက်သစ်တွင် ၂၀၁၄ခုနှစ်မှစတင်ဖွင့်လှစ်၍ အမျိုးသမီးများနစ်နာဆုံးရှုံးမှုများကို အခမဲ့ ကူညီဖြေရှင်းပေးလျှက် ရှိသည်။

၎င်းအဖွဲ့အနေဖြင့် တစ်နှစ်လျှင် အမှုပေါင်း ၂၀၀ ကျော်ကို ကူညီလိုက်ပါဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အမှုပေါင်း ၂၃၄ မှု ကူညီဖြေရှင်းပေးခဲ့သည်ဟု သိရသည်။

ယခု ၂၀၁၈ ခုနှစ်၊ဇန်နဝါရီလ မှ မေလ ၁၁ ရက်နေ့အထိ သက်ငယ်မုဒိမ်းမှု ၈ မှု၊ ကာမလိမ်လည်ရယူမှု ၅ မှု အပါအဝင် အမှုပေါင်း ၁၆ မှုကို ကူညီဆောင်ရွက်ပေးလျှက်ရှိသည်။

"တရားရုံးမှာ ဖြေရှင်းပေးတာရှိတယ်။ ကျွန်မတို့ရုံးမှာတင် ညှိနှိုင်းဆွွေးနွေးဖြေရှင်းပေးတာတွေ ရှိတယ်။ အမျိုးသမီးကိစ္စအမှုတွေကိုပဲ ကူညီပေးတယ်။ ဒီနှစ်ကတော့ သက်ငယ်မုဒိမ်းမှု များတယ်။" ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်အေးသန္တာက ပြောသည်။

အမျိုးသမီးများအနေဖြင့် LCM ရုံးသို့တိုက်ရိုက် လာရောက် အကူအညီတောင်ခံနိုင်ပြီး LCMအနေဖြင့် ဥပဒေအမြင်ဖွင့်သင်တန်းများနှင့်ဥပဒေအထောက်အကူပြုသင်တန်းများလည်း ဖွင့်လှစ်သင်ကြားပေးလျှက် ရှိသည်။

LCM ရုံးများကို ရန်ကုန်၊မန္တလေးအပါအဝင် ထားဝယ်၊ မော်လမြိုင်၊ စစ်တွေနှင့်မြစ်ကြီးနား စသည့်မြို့များတွင် လည်း ရုံးခွဲများဖွင့်လှစ်၍ အမျိုးသမီးများအရေးကို အခမဲ့ကူညီဆောင်ရွက်ပေးလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly