မြိတ်ဒေသ၏ မိရိုးဖလာ ဓနိဖက်ထိုးလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲဖြစ်နေ

မြိတ်ဒေသ၏ မိရိုးဖလာ ဓနိဖက်ထိုးလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲဖြစ်နေ

မြိတ်၊ မေလ ၁၁ ။                      ။ မြိတ်မြို့မှာ ကျေးရွာတချို့တွင် ဆယ်စုနှစ် နှစ်ခု အကြားအထိ မိရိုးဖလာလုပ်ငန်းအဖြစ် လုပ်ကိုင်နေသည့် ဓနိဖက်ထိုးလုပ်ငန်းကို လုပ်ကိုင်သူတွေ တဖြည်းဖြည်း နည်းပါးလာကြောင်း ယင်း လုပ်ငန်းကို လုပ်ကိုင်သူတွေ ထံမှ သိရသည်။

မြိတ်ဒေသ၏ ဓနိဖက်ထိုး လုပ်ငန်းမှာ ယခင်က မြို့ပေါ်ရှိ ကျေးရွာများမှာ ယင်း လုပ်ငန်းကို ရွာလုံးကျွတ်နီးပါး လုပ်ကိုင်နေကြပြီး၊ လွန်ခဲ့သော ၅ နှစ်လောက်က စီမံကိန်း လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ကုမ္ပဏီများမှ ဓနိတော မြေယာများကို ၀ယ်ယူပြီး၊ အိမ်ယာမြေနှင့် အခြား စီမံကိန်း လုပ်ငန်းတွေကို စတင်ခဲ့ရာမှ ဒေသခံများ ၏ ဓနိတောများ ပြုန်းတီးလာ၍ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာပြီး၊ အလုပ်လက်မဲ့ဘဝတွေကို ရင်ဆိုင်နေကြရကြောင်း ဓနိဖက်ထိုးလုပ်ငန်းကို လုပ်ကိုင်သူတွေက ဖွင့်ဟပြောဆိုကြသည်။

“ဦးမှာဆိုလျှင် ဓနိတော ၁၀ ဧကလောက် ပိုင်ဆိုင်ပါတယ်၊ အရင်တုန်းကဆို မိသားစု စားဝတ်နေရေး၊ ပညာရေး စတဲ့ အရေးတွေကို ဖြေရှင်းလို့ နိုင်ပါတယ်၊ ကုမ္ပဏီတွေက ၀င်လာတော့ စျေးကောင်းတယ် ထင်ပြီး၊ မြေယာ တွေ ထုတ်ရောင်းလိုက်တာ နောင်တရမိပါတယ်၊ အခုတော့ ကိုယ်ပိုင်ဓနိတောတွေ မရှိတော့ ဖုန်းဆိုးမြေ တွေမှာ ခက်ခက်ခဲခဲနဲ့ သွားခုတ်ပြီး၊ ဒီလုပ်ငန်းနဲ့ပဲ ပြန်ပြီး ရပ်တည်နေရတယ်” ဟု ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းကြီးကျေးရွာနေ ဦးတင်ညွန့်က ပြောဆိုသည်။

အဆိုပါ ရှမ်းချောင်းကြီးကျေးရွာတွင် ဒေသခံ ရွာသူ/ သားများ တို့သည်၊ မိရိုးဖလာအဖြစ် ဓနိဖက်ထိုးလုပ်ငန်း ကို လုပ်ကိုင်ကြသူတွေ ဖြစ်ပြီး၊ အများစုကလည်း ရွာလုံးကျွတ်လုပ်ကိုင် ကြသူများလည်း ဖြစ်သည်။

ယခုချိန်မှာတော့ ဓနိတောတွေ ပြုန်းတီးလာနေ၍ အလုပ်လက်မဲ့ဘဝတွေ ဖြစ်နေကြောင်း ၎င်းတို့က ပြောဆို ကြသည်။

ရှမ်းချောင်းကြီးကျေးရွာနေ ဒေါ်နွယ်ဝင်းက “ ရွာမှာက ဒီလုပ်ငန်းကို လုပ်ကိုင်ကြသူတွေက မရှိသလောက်ကို နည်းပါးနေပါပြီ၊ အရင်ကဆို တစ်ရွာလုံးလုပ်တဲ့လုပ်ငန်း တစ်ခုပါ၊ ဓနိပင်တွေက ပြုန်းတီးလာနေပြီး၊ မြို့နားအနီး မှာ မရှိတော့ဘူး၊ မြစ်ထဲနှင့် အဝေးမှာ စက်လှေတွေနဲ့ သွားခုတ်နေရလို့ ခက်ခဲတာကြောင့် လုပ်ကိုင်သူတွေ နည်းပါးလာတယ်” ဟု ဆိုသည်။

ဓနိဖက်ထိုးလုပ်ငန်းသည်၊ အမျိုးသားများက အလွန်ထက်ရှသော ဓားဖြင့် အရွက်တွေကို ခုတ်ယူရပြီး၊ နေအိမ်သို့ သယ်ဆောင်လာပြီး၊ အမျိုးသမီးများက လူနေအိမ် အိမ်အောက်နှင့် တဲများထိုးကာ ဓနိဖက်ကို ထိုးကြခြင်း ဖြစ်သည်။

ယင်း လုပ်ငန်းကို လုပ်ကိုင်ကြသူများသည် လက်ရှိအချိန်တွင် အခြားလုပ်ငန်း သို့ ပြောင်းရွှေ့လုပ်ကိုင်နေကြပြီး၊ ဓနိဖက်ထိုးလုပ်ငန်းနှင့် ရေရှည်ရပ်တည်၍ မရနိုင်တော့ကြောင်း ပြောဆိုသည်။

ကိုယ်ပိုင်ထိုးပါက အမျိုးသမီးတစ်ဦးလျှင် ဓနိဖက် တစ်ရွက်ကို ၄၀မှ ၅၀ ကျပ်ရရှိပြီး၊ တစ်နေ့လျှင် အရွက် ၂၀၀ မှ ၃၀၀ နီးပါးအထိ ထိုးနိုင်ကြောင်း၊ အငှားထိုးပါက တစ်ရွက်ကို ရ ကျပ် ရရှိကြောင်း သိရသည်။

ဓနိဖက်သည်၊ လူနေအိမ်နှင့် မွေးမြူရေးခြံတို့တွင် အမိုးအကာအဖြစ် မြိတ်ဒေသတွင် အများဆုံး အသုံးပြုကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly