အိမ်ခြေမြေကဏ္ဍအပါအဝင် ကဏ္ဍ ၃ ခုတွင် ရင်းနှီးမြုှပ်နှံမှုတိုးလာရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်မျှော်မှန်း

အိမ်ခြေမြေကဏ္ဍအပါအဝင် ကဏ္ဍ ၃ ခုတွင် ရင်းနှီးမြုှပ်နှံမှုတိုးလာရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်မျှော်မှန်း

ရန်ကုန်၊ မေ ၉ရက် ။         ။ အိမ်ခြံမြေကဏ္ဍအပါအဝင် အထည်အလိပ်၊သယ်ယူ ပို့ဆောင်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုတိုးလာစေရန် မျှော်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလ ၉ ရက်တွင်  ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ပထမဦးဆုံးအကြိမ်ပြုလုပ်သည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ (Yangon Investment Forum-YIF 2018) မှ မျှော်မှန်းထားခြင်း ဖြစ်သည်ဟု သိရသည်။

"ကျွန်တော်တို့မှာ နေစရာလိုအပ်ချက်ရှိနေတဲ့သူတွေ များစွာရှိပါတယ်။ ဒီအတွက် တန်ဖိုးသင့်တင့်မျှတတဲ့စျေးနူန်းနဲ့ ရေရှည်ချေးငွေနဲ့သာရမယ်ဆိုရင် ကျွန်တော်တို့ဆီကလူတွေက လမ်းမဘေးမှာနေနေစရာမလိုပါဘူး။ အိမ်တွေပေါ်မှာတက်နေလို့ရပါမယ်။ ဒါကျွန်တော်တို့နိုင်ငံမှာမှ ဒီပြဿနာကအသစ်မဟုတ်ပါဘူး။ ဒီအာဆီယံနိုင်ငံတွေရဲ့ ၅၀ ခုနှစ်ကနေ ရ၀ ခုနှစ်ကျော်ကာလတွေမှာ သူတို့တွေလည်းကြံုခဲ့ရတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အိမ်ခြံမြေနဲ့ပတ်သက်တဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့်အိမ်ယာစီမံကိန်းတွေလည်း အမြန်ဆုံးရောက်လာနိုင်ပါတယ်။"ဟု ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီ (Yangon Region Investment Committee-YRIC) ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးဖြိုးမင်းသိန်း က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောသည်။

ကုန်စည်များ ကူးသန်းရောင်းဝယ်သယ်ယူပို့ဆောင်ရေး (Trade and Logistics)၊ စက်မှုကဏ္ဍ ဖွံဖြိုးတိုးတက်ရေး (Industurial developement)၊ မြို့ပြသယ်ယူပို့ဆောင်ရေး (Urban puclic transporation developement)၊ မြို့ပြစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး (Subsatinable urban developement)၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး (Energy sector developement) စသည့် အချက်ငါးချက်ကို စီးပွားရေးမျှော်မှန်းချက်အနေဖြင့်ချမှတ်ထားကြောင်း ဦးဖြိုးမင်းသိန်းက ယင်းဖိုရမ်၌ ရှင်းလင်းခဲ့သည်။

ထို့အပြင် လုပ်သားအများအပြားသုံးစွဲရသည့် အထည်ချုပ်လုပ်ငန်းများလည်း ရန်ကုန်တိုင်းဒေသကြီးသို့ ရောက်ရှိလာနိုင်ပြီး လက်ရှိ ရှိနေသည့် အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူများကို လက်ခစားအဖြစ်မှ ကိုယ်တိုင်ချုပ်လုပ်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

"Investment နဲ့ပတ်သက်ပြီးတော့ Transport ကဏ္ဍနယ်ပယ်မှာ ထပ်တိုးမြှင့်လာနိုင်ပါတယ်။ မနှစ်ကလည်းရင်းနှီးမြုပ်နှံမှုတွေတိုးမြှင့်ပါတယ်။ ဘာကြောင့်တိုးမြှင့်လဲဆို YBS လုပ်ငန်းတွေဟာ ကုမ္ပဏီတွေပေါ်ထွန်းလာတာဖြစ်ပါတယ်။ ဒါဟာ Investment တိုးလာတာဖြစ်ပါတယ်။ ဒါကထင်သာမြင်သာတဲ့ Investment ပဲ။ ဒီတိုးတက်လာသလိုပဲ လာမယ့်ကာလတွေအတွင်းမှာ ထပ်မံတိုးမြင့်လာနိုင်စရာရှိပါတယ်။ အခု သဘောင်္တွေ Water Bus ပြေးတာပဲဖြစ်ဖြစ်၊ YBS ပြေးတာပဲဖြစ်ဖြစ် ဒီကားတွေအကုန်ုလုံးဟာ Investment တိုးလာတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီကဏ္ဍနယ်ပယ်တွေကတော့ လာမယ့်နှစ်အတွင်းမှာ ထပ်မံတိုးမြှင့်ဆောင်ရွက်ခြင်းအားဖြင့် ထပ်တိုးလာစရာပဲရှိပါတယ်"ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို Novotel Yangon Max Hotel တွင် မေလ ၉ ရက်နေ့ နံနက်ပိုင်းမှစတင်ကျင်းပနေပြီး ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင်ပေါင်း တစ်ထောင်ကျော် တက်ရောက်ခဲ့ကြသည်။

ရင်းနှီးမြှုပ်နှံမှုအသစ်များမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၂,၀၀၀ ကျော်ကို ဖန်တီးပေးနိုင်ရန်လည်း တိုင်းအစိုးရက ခန့်မှန်းထားသည်။

YIF 2018 ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသည့် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မှုကော်မတီ (YRIC) နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တို့မှ ပူးပေါင်းပြုလုပ်ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုကော်မှုကော်မတီ (Yangon Region Investment Committee-YRIC)၏ ပထမဦးဆုံးအကြိမ်ကျင်းပသည့် အစည်းအဝေး ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ မှ ၂၀၁၈ ဧပြီလအထိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၄၉ ခုနှင့် ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅၉ ဒဿမ ၂၉၆ သန်း ရရှိခဲ့သည်။ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့်လည်း လုပ်ငန်း ၉ ခု၊ မြန်မာငွေကျပ် သန်းပေါင်း ၁၃,၀၆၀ ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly