မေဂျာလိဂ်ကိုပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ဝိန်းရွန်နီ

မေဂျာလိဂ်ကိုပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ဝိန်းရွန်နီ
 

 

အဲဗာတန်တိုက်စစ်မှူး ဝိန်းရွန်နီဟာ အမေရိကန်မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီ အဲဗာတန်အသင်းခေါင်းဆောင်ရဲ့ အေးဂျင့် ပေါလ် စထရက်ဖို့ဒ်ဟာ မကြာသေးမီရက်သတ္တပတ်တွေတုန်းက အမေရိကန်ကို သွားရောက်ခဲ့ပြီး အပြောင်းအရွှေ့ကိစ္စညှိနှိုင်းခဲ့ကာ အခြေအနေလည်း ကောင်းမွန်ခဲ့ပါတယ်။

ဝါရှင်တန်အခြေစိုက် ဒီစီယူနိုက်တက်နဲ့ ဝိန်းရွန်နီတို့ စာချုပ်ချုပ်ဆိုတာကိုတော့ မေဂျာလိဂ်အပြောင်းအရွှေ့စျေးကွက်ဖွင့်မယ့် ဇူလိုင် ၁၀ ရက်မှာ မြင်တွေ့ရဖွယ်ရှိနေပါတယ်။

စာချုပ်သက်တမ်းကလည်း ၂၀၂၀ ခုနှစ်ထိဖြစ်နိုင်ပါတယ်။ အမေရိကန်ကလပ်ဟာ မန်ယူနိုက်တက်ကနေ ဝိန်းရွန်နီထွက်ခွာတဲ့ ပြီးခဲ့တဲ့နွေရာသီကတည်းက ခေါ်ယူချင်ခဲ့ပေမယ့် ကစားသမားက ငယ်ဘဝကလပ် အဲဗာတန်ကိုရွေးချယ်ခဲ့ပါတယ်။

ဒီစီယူနိုက်တက်ဟာ ဇန်နဝါရီတုန်းကလည်း မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဗန်ပါစီကိုခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပြီး ပရိသတ်တွေတိုးပွားလာဖို့ ကမ္ဘာကျော်တိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေတာပါ။

လာမည့်ရာသီအတွက် အပြောင်းအရွှေ့အသုံးစရိတ်ရဖို့ အဲဗာတန်နည်းပြ ဆမ်အလာဒိုက်က ရှာဖွေနေချိန်မှာ ရွန်နီရဲ့အပြောင်း အရွှေ့ကို အဲဗာတန်အသင်းက တားဆီးဖွယ်မရှိသလို ပွဲထွက်ခွင့်အတွက်လည်း အာမခံချက် မပေးထားပါဘူး။

ဝိန်းရွန်နီဟာ အဲဗာတန်အသင်းအတွက် မြင့်မားတဲ့လစာအဖြစ် တစ်ပတ်ပေါင် တစ်သိန်းရနေပြီး သူ့ကိုအသင်းပြောင်းခွင့်ပြုလိုက် မယ်ဆိုရင် တစ်နှစ်ကို ပေါင် ၅ သန်းကျော်လောက် သက်သာသွားမှာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly