ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားတို့၏ သုံးပွင့်ဆိုင်ထိပ်သီးစည်းဝေးပွဲ၌ ပြံုယမ်းအရေးဆွေးနွေး

ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားတို့၏ သုံးပွင့်ဆိုင်ထိပ်သီးစည်းဝေးပွဲ၌ ပြံုယမ်းအရေးဆွေးနွေး

 

တိုကျို၊ ဂျပန်၊ မေ ၉  ။                          ။ အရှေ့အာရှ၏ ထိပ်သီးအင်အားကြီးနိုင်ငံများဖြစ်ကြသော ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ဗုဒ္ဓဟူးနေ့တွင် တိုကျိုမြို့၌ သုံးပွင့်ဆိုင်ထိပ်သီးစည်းဝေးပွဲကျင်းပကာ မြောက်ကိုရီးယားအရေးနှင့်ပက်သက်၍ အခြေခံသဘောတူညီမှုများ ရှာဖွေဖို့အတွက် ဆွေးနွေးခဲ့ကြသည်။

ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်ခေါင်းဆောင်များသည် မြောက်ကိုရီးယားဘက်မှ လှစ်ဟပြလာသည့် မတူကွဲပြားမှုများကို အဓိကအာရုံစိုက်ပြီး ကင်ဂျံုအမ်းနှင့် မွန်းဂျေးအင်တို့၏ ပြီးခဲ့သောအပတ်က သမိုင်းဝင် တွေ့ဆုံပွဲအပြီးတွင် ဘုံသဘောတူညီမှုများရရှိလာရန် ကြိုးပမ်းနေကြသည်။

မြောက်ကိုရီးယားတို့သည် နှစ်ပေါင်းများစွာကြာအောင် တစ်ကိုယ်တည်းသီးသန့်နေထိုင်ခဲ့ပြီး ၄င်းတို့၏ ဒုံးပျံနှင့် နျူကလီးယားစမ်းသပ်မှုများကြောင့် အရေးယူပိတ်ဆို့ခံရမှုများပြီးနောက်တွင် ယခုအခါ ပြံုယမ်းအစိုးရ၏ ပြင်ပကမ္ဘာနှင့်ဆက်ဆံရေးမှာ နွေးထွေးလာခဲ့သလို လာမည့်ရက်သတ္တပတ်များအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကင်မ်ဂျံုအမ်းတို့လည်း သမိုင်းဝင်တွေ့ဆုံဆွေးနွေးကြတော့မည်ဖြစ်သည်။

ထရမ့်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေသည် ၄င်းတို့၏ထိပ်သီးစည်းဝေးပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်ဖို့ ပြံုယမ်းသို့သွား၍ ဆွေးနွေးတော့မည်ဟု အင်္ဂါနေ့က ကြေညာခဲ့သည်။

“မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ကြိုးပမ်းနေပါတယ်။ ဘယ်လိုမျိုးရလာဒ်တွေ ထွက်လာမလဲ ဆိုတာ ကျုပ်တို့စောင့်ကြည့်ရမယ်။ ဒါပေမယ့် တွေ့ဆုံမှုဟာ   မြောက်ကိုရီးယား၊ တောင်ကိုရီးယားနဲ့ တစ်ကမ္ဘာ လုံးအတွက် အကျိုးရှိမှာပါ” ဟု ထရမ့်က အိမ်ဖြူတော်မှတဆင့် ရုပ်သံမိန့်ခွန်းပြောဆိုခဲ့သည်။

အင်္ဂါနေ့အစောပိုင်းကလည်း ကင်မ်သည် တရုတ်သမ္မတ ရှီးကျင်းဖျင်နှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေး နွေးခဲ့ပြီး နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့်ပက်သက်၍ ကင်မ်က ထပ်မံကတိပေးခဲ့သည်။

မြောက်ကိုရီးယားတို့၏ အဓိကမဟာမိတ်နှင့် စီးပွားဖက်ဖြစ်သော တရုတ်တို့သည် ပြံုယမ်းအစိုးရ၏ လက်နက်ပရိုဂရမ်ဖျက်သိမ်းရေးနှင့်ပက်သက်၍ ညှိုနှိုင်းဆွေးနွေးရာတွင် အဓိကကျသောနေရာမှ ပါ၀င်သွားဖို့ စိတ်အားထက်သန်လျက်ရှိသည်။

မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီမှ ထုတ်ပြန်ခဲ့သော သတင်းထဲ၌ ကင်မ်က သူ့အနေဖြင့် ကိုရီးယားကျွန်းဆွယ်ကြီး သာယာဝပြောရေးနှင့် ငြိမ်းချမ်းရေးရရှိဖို့အတွက် သမိုင်းတစ်လျှောက်လက်တွဲလာခဲ့ သော ရဲဘော်ရဲဖက်ဖြစ်သည့် တရုတ်နိုင်ငံနှင့်အတူ ထပ်မံလက်တွဲသွားဦးမည်ဟု ပြောဆိုခဲ့ကြောင်း ဖော်ပြထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags