ဖိုးဖိုးဖွားဖွားတို့ ရဲ့ စေတနာ အမှားများ

ဖိုးဖိုးဖွားဖွားတို့ ရဲ့ စေတနာ အမှားများ

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

သားအချစ် မြေးအနှစ် ဆိုတာနဲ့အညီ မိမိတို့ရဲ့ ချစ်လှစွာသော သားသမီးတွေကနေ မွေးဖွားလာတဲ့ မြေးကလေးတွေဟာ ဖိုးဖိုးဖွားဖွားတို့ရဲ့ ရင်နှစ်သည်းချာလေးတွေ ဖြစ်တာနဲ့အညီ သူတို့လေးတွေ မွေးဖွားလာပြီဆိုတာနဲ့ ကလေးကျန်းမာရေး၊မိခင်ကျန်းမာရေးက အစပြုလို့ ဖိုးဖိုးဖွားဖွားတွေဟာ အားလုံးကို အကောင်းဆုံး ဖြစ်စေချင်ပါတယ်။ ဒီလို ဖြစ်စေချင်တဲ့အတွက် သူတို့သိထားသမျှ မှန်တယ်၊ကောင်းတယ်လို့ ထင်တဲ့ အရာတွေကို သမီး/ချွေးမ ဖြစ်သူနဲ့ မြေးဖြစ်သူကို ပြုလုပ်ပေးပါတော့တယ်။ဇာတ်လမ်းက ဒီမှာ စတာပါပဲ၊တချို့တချို့သော ရှေးရိုးစွဲ ဖိုးဖိုးဖွားဖွားတွေရဲ့ အယူအဆတွေဟာ ခေတ်မီသိပ္ပံပညာ၊ဆေးပညာရဲ့ အယူအဆတွေနဲ့ လွဲနေတတ်ပြီး မွေးကင်းစကလေးအပေါ်ကို ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ်အထိ ထိခိုက်နိုင်ပါတယ်။အထူးသဖြင့်တော့ နယ်ဖက်က မြို့နက်ဆေးရုံ၊တိုက်နယ်ဆေးရုံတွေမှာ အတွေ့ရများတတ်တယ်လို့ စစ်ကိုင်းဆေးရုံက ကလေးအထူးကုဆရာဝန်တဦးက ဆိုပါတယ်။

၁။ ခေါင်းရိတ်ခြင်း

ကလေးမွေးပြီး ဘယ်လောက်မှ မကြာသေးခင်မှာပဲ ခေါင်းရိတ်ပေးဖို့ ဖိုးဖိုးဖွားဖွားတို့က ညွှန်ကြားတတ်ပါတယ်။ သူတို့ရဲ့ အယူအဆအရတော့ ကလေးဆံပင်သန်အောင်၊အပူအပုပ်ကင်းအောင်ပေါ့။ဒါဟာ မှားပါတယ်။ခေါင်းရိတ်ခြင်းနဲ့ ဆံပင်သန်ခြင်းဟာ ဘယ်လိုမှ ဆက်စပ်မှုမရှိပါဘူး။လူတိုင်းလူတိုင်းမှာရှိတဲ့ ဆံပင်အမြစ်ဥပမာဏဟာ တဦးနဲ့တဦး မတူကြသလို မွေးလာကတည်းက ပုံသေသတ်မှတ်ပြီးသား ဖြစ်ပါတယ်။ဆံပင်အမြစ်ဥဆိုတာကတော့ ဆံပင်ထွက်ပေါ်လာရာ အိတ်ကလေးတွေပဲ ဖြစ်ပြီး ဦးရေပြားမှာ ရှိပါတယ်။ဒါကြောင့် ခေါင်းရိတ်ရိတ်မရိတ်ရိတ် ဆံပင်သန်မယ့်ကလေးက သန်မှာဖြစ်ပြီး၊ပါးမယ့်ကလေးက ပါးမှာပါပဲ။ခေါင်းရိတ်တဲ့အတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ များများဖြစ်စေပါလိမ့်မယ်။ဘာလို့လဲဆိုတော့ ကလေးငယ်ရဲ့ ဦးရေပြားဟာ အင်မတန်ပါးလျသေးတဲ့အပြင် ငယ်ထိပ်လည်း မပိတ်သေးတာကြောင့် ခေါင်းရိတ်ခြင်းဟာ ထိခိုက်ဒါဏ်ရာတွေကို အလွယ်တကူ ရစေနိုင်လို့ပါပဲ။ဒီကနေတဆင့် မလိုလားအပ်တဲ့ ကူးစက်ပိုးမွှားတွေပါ ဝင်ရောက်လာနိုင်ပါတယ်။ဒါကြောင့် မွေးကင်းစကလေးကို ခေါင်းလုံးဝမရိတ်သင့်ပါဘူး။

၂။ ချက်ထဲ ဆေးတို့ပတ် အပါအဝင် အခြားသော တိုင်းရင်းဆေးများထည့်ခြင်း

ဒီအချက်ဟာလည်း ဖိုးဖိုးဖွားဖွားတို့ လုံးပန်းတတ်တဲ့ အချက်တခုပါပဲ။ချက်ကြိုးဖြတ်ထားတဲ့နေရာကို မြန်မြန်အနာကျက်စေဖို့၊ချက်ကြိုးမြန်မြန်ကြွေစေဖို့အတွက် မွေးကင်းစကလေးငယ်ရဲ့ ချက်ကို ဆေးတို့ပတ်တွေ၊နနွင်းတွေ သိပ်ခိုင်းလေ့ ရှိကြပါတယ်။ဒါဟာ အင်မတန်မှကို လွဲမှားနေတဲ့အပြင် အရမ်းလည်း ကြောက်ဖို့ကောင်းတဲ့ အပြုအမူတခုပါ။ကလေးငယ်ရဲ့ နုနယ်လှတဲ့ ချက်ကို ဒီလိုဆေးတွေသိပ်ပေးခြင်းအားဖြင့် အကိုင်အတွယ် မသန့်ပြန့်ရင် neonatal sepsis လို့ခေါ်တဲ့ မွေးကင်းစကလေး ပိုးဝင်ခြင်း ပြဿနာနဲ့ ကြံုတွေ့လာရနိုင်ပြီး ကလေးငယ်ရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။မွေးကင်းစကလေး အဖျားတက်ခြင်း၊အသားဝါခြင်း၊ချက်တဝိုက် နီရဲယောင်ယမ်းနေခြင်း စတဲ့ လက္ခဏာတွေဟာ မွေးကင်းစကလေး ပိုးဝင်ခြင်းရဲ့ လက္ခဏာတွေပါ။မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကနေ ရှောင်ရှားနိုင်စေဖို့အတွက် ကလေးငယ်ရဲ့ ချက်ကြိုးဖြတ်ထားတဲ့နေရာကို ဘာဆေးမှ မထည့်ရပါဘူး။လိုအပ်ရင် ဆရာဝန်၊ဆရာမတွေက သင့်တော်မှန်ကန်တဲ့ ဆေးတွေ ထည့်ပေးမှာဖြစ်တာမို့ ဖိုးဖိုးဖွားဖွားတို့ သတိချပ်သင့်ပါတယ်။

၃။ ကလေးကို သနပ်ခါးခွံ့ခြင်း

ဘယ်သူ စလိုက်သလဲတော့ မပြောတတ်ပေမယ့် မွေးကင်းစကလေးကို သနပ်ခါးခွံ့တာကလည်း ပြဿနာတခုပါ။တကယ်က မွေးကင်းစကနေ ကလေးအသက်ခြောက်လအထိ မိခင်နို့တမျိုးတည်းကလွဲပြီး ကလေးကို ဘာမှမကျွေးရပါဘူး။ကုန်ကုန်ပြောရင် ရေတောင်မတိုက်ရပါဘူး။ ဒါပေမယ့် သူငယ်နာကင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖိုးဖိုးဖွားဖွားတို့ဟာ ကလေးငယ်ကို သနပ်ခါးခွံ့တတ်ကြပါတယ်။ခွံ့ခိုင်းတတ်ကြပါတယ်။ဒါဟာ လုံးဝလွဲမှားနေတဲ့ အယူအဆတခုပါ။သနပ်ခါးဟာ ခပ်ပျစ်ပျစ်ဖြစ်တာမို့ မလိုလားအပ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကိုပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။သူငယ်နာအပါအဝင် ကလေးကို ထိုးနှက်လာနိုင်မယ့် ရောဂါအားလုံးကို ကာကွယ်ဖို့အတွက် မိခင်နို့မှာပါဝင်တဲ့ ကိုယ်ခံအားဓာတ်တွေနဲ့ ကောင်းကောင်းကြီး လုံလောက်ပြီးသားပါ။

၄။ နွားနို့တိုက်ခြင်း

ကလေးကို အာဟာရဖြစ်မယ်၊ရောဂါကာကွယ်မယ်ဆိုတဲ့ အယူအဆနဲ့ မွေးကင်းစကလေးကို နွားနို့အနည်းငယ် တိုက်တတ်ကြပါသေးတယ်။ဒါဟာလည်း သနပ်ခါးခွံ့ခြင်းနဲ့ ဆင်ဆင်တူပြီး လွဲမှားတဲ့ အယူအဆဖြစ်တာမို့ ရှောင်ကျဉ်ရပါမယ်။

၅။ မိခင်ကို အစားရှောင်ခိုင်းခြင်း

မိခင်ရဲ့ နို့ရည်ဟာ ကလေးဆီကို ရောက်တာမို့ မိခင်အစားရှောင်မှသာ ကလေးကို ထိခိုက်မှုမရှိစေမှာလို့ လူကြီးသူမတွေက ယူဆလေ့ရှိပါတယ်။ ဒီအယူအဆဟာလည်း မှားနေပါတယ်။တကယ်က အရပ်အခေါ် မီးတွင်းထဲမှာ မိခင်အတွက်ပဲဖြစ်ဖြစ်၊ကလေးအတွက်ပဲဖြစ်ဖြစ် အာဟာရပြည့်ဝနေဖို့လိုတာမို့ ပုံမှန်စားနေကျ အစားအသောက်တွေအတိုင်း လုံးဝမရှောင်ဘဲ အာဟာရအုပ်စုအားလုံးကို မျှမျှတတ စားပေးရပါမယ်။ဒီလို ပြောလို့ တနင့်တပိုးကြီး စားပစ်ဖို့မလိုဘဲ ပုံမှန်အတိုင်း အာဟာရပြည့်ပြည့်ဝဝ ရရှိအောင် ဉာဏ်နဲ့ယှဉ်ပြီး စားသုံးရပါမယ်။ဒါမှ မိခင်ရော ကလေးရော ကျန်းမာမှာပါ။

အထက်မှာ ဖော်ပြခဲ့တဲ့အချက်တွေဟာ ဖိုးဖိုးဖွားဖွားတွေ လွဲမှားစွာ ယူဆပြုလုပ်လေ့ရှိတဲ့ စေတနာအမှားလေးတွေ ဖြစ်ပါတယ်။ဒီနေရာမှာ တချက်နားလည်ရမှာက လူကြီးတွေဟာလည်း ကိုယ့်သားသမီး၊ကိုယ့်မြေးသားတွေအတွက် အကောင်းဆုံးလို့ ထင်တဲ့အရာတွေကို ပြုလုပ်ပေးတာဖြစ်တဲ့အတွက် အပြင်းအထန် ငြင်းပယ်ခြင်းမပြုဘဲ ခေတ်မှီဆေးပညာအယူအဆတွေအကြောင်းကို စိတ်ရှည်လက်ရှည် ရှင်းပြပေးရမှာပဲ ဖြစ်ပါတယ်။မဟုတ်ရင် ဖိုးဖိုးဖွားဖွားတို့ စိတ်မကောင်းဖြစ်သွားမှာပေါ့။ဒါကြောင့် ဖိုးဖိုးဖွားဖွားတို့လည်း စိတ်ကျေနပ်၊မေမေနဲ့ ကလေးလည်း ကျန်းမာအန္တရာယ်ကင်းရလေအောင် ဒီဆောင်းပါးလေးကို မျှဝေရေးသားလိုက်ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly