သီချင်းဆိုခြင်း၏ ကောင်းကျိုးများ

သီချင်းဆိုခြင်း၏ ကောင်းကျိုးများ

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

လောကကြီးမှာ သီချင်းမဆိုဖူးတဲ့ လူဆိုလို့ မရှိသလောက်ပါပဲ။ ဆရာတော်ဘုရားတွေတောင် အနည်းနဲ့အများတော့ သီချင်းလေး ညည်းဖူးကြမှာပါ။ သီချင်းဆိုတာဟာ စိတ်ရောကိုယ်ရော အပန်းပြေစေသလို ဘဝအမောတွေကိုလည်း သက်သာစေပါတယ်။ သီချင်းကို ပုံစံအမျိုးမျိုးနဲ့ သီဆိုနိုင်ပါတယ်။ ရေချိုးခန်းထဲမှာ၊အိမ်မှာ အော်ဆိုလို့ရသလို၊ ကာရာအိုကေဆိုင်တွေမှာလည်း သွားဟဲနိုင်ပါတယ်။ ဒါမှမဟုတ် ဒီခေတ် အတော်များများ သုံးကြတဲ့ Smule app လေးကို အသုံးပြုပြီးတော့လည်း သီဆိုနိုင်ပြန်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပေါင်းစုသီဆိုတဲ့အခါ အပျော်တွေတိုးပြီး ရင်းနှီးချစ်ခင်မှုပိုလာနိုင်သလို စိတ်လက်ကိုလည်း ပေါ့ပါးစေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လူတိုင်းမကင်းနိုင်ကြတဲ့ သီချင်းဆိုခြင်းရဲ့ ကျန်းမာရေးအကျိုးပြုချက်လေးတွေကို မျှဝေပေးသွားမှာပါ။

၁။ သီချင်းဆိုခြင်းဟာ သင့်ရဲ့ ခုခံအားစနစ်ကို ဒေါင်ဒေါင်မြည်စေပါတယ်။

ဒါဟာ ရုတ်တရက်ကြည့်လိုက်ရင် မဆိုင်သလို ထင်ရပေမယ့် ဂျာမဏီနိုင်ငံ ဖရန့်ဖွတ်တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ သီချင်းဆိုပြီးချိန်မှာ ခန္ဓာကိုယ်အတွင်းရှိ ပရိုတင်းဓာတ်တမျိုးရဲ့ ပမာဏဟာ တိုးပွါးလာတယ်လို့ ဆိုပါတယ်။ ဘယ်လို ပရိုတင်းမျိုးလဲဆိုတော့ ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေကို ခုခံတိုက်ထုတ်ပေးနိုင်တဲ့ Immunoglobulin A အမည်ရ ပဋိပစ္စည်းတမျိုးပါပဲ။ ဒါကြောင့် သီချင်းဆိုခြင်းဟာ ခုခံအားစနစ်ကို အားဖြည့်ပေးနိုင်ပါတယ်။သီချင်းနားထောင်သူတွေမှာတော့ ဒီလိုမျိုး ပရိုတင်းပမာဏ တိုးပွါးလာတာကို မတွေ့ရပါဘူး။

၂။ သီချင်းဆိုခြင်းဟာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတမျိုးပါ။

သက်ကြီးရွယ်အိုတွေ၊ကိုယ်အင်္ဂါမသန်စွမ်းသူတွေနဲ့ ထိခိုက်ဒါဏ်ရာ ရထားသူတွေအဖို့တော့ သီချင်းဆိုခြင်းဟာလည်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတမျိုးပါပဲ။အကယ်၍ သင်ဟာ ဘာရောဂါမှ ထူးထူးခြားခြားမရှိဘဲ ကျန်းမာနေတယ်ဆိုရင်တောင် သီချင်းဆိုခြင်းဟာ သင့်အဆုတ်ကျန်းမာရေးကို များစွာအထောက်အကူ ပြုပါလိမ့်မယ်။သီချင်းဆိုခြင်းကြောင့် (အသက်ရှုခြင်းကို ထိန်းချုပ်တဲ့ အဓိက ကြွက်သားကြီးတခုဖြစ်သော) ရင်ဝမ်းခြားကြွက်သားကို သန်မာစေတဲ့အပြင် သွေးလည်ပတ်မှုကို ကောင်းမွန်စေကာ အောက်ဆီဂျင်ရှုသွင်းနိုင်စွမ်းကိုလည်း ပိုတိုးစေပါသတဲ့။

၃။ သီချင်းဆိုခြင်းဟာ အိပ်စက်ခြင်းကိုလည်း အထောက်အကူပြုပါတယ်။

ဒါကတော့ နည်းနည်းများသွားပြီ၊ဘာဆိုင်တာမှတ်လို့ ဆိုပြီး မတွေးပါနဲ့။ဒေးလီးမေးလ်အွန်လိုင်းစာမျက်နှာမှာ လတ်တလော ဖော်ပြခဲ့တဲ့ဆောင်းပါးတခုအရ သီချင်းဆိုခြင်းဟာ လည်ချောင်းနဲ့ အာခေါင်ကြွက်သားတွေကို သန်မာစေတယ်လို့ ဆိုတာကြောင့် ဟောက်ခြင်းနဲ့ အိပ်နေစဉ် အသက်ရှုခေတ္တရပ်ခြင်း (sleep apnea) ကို သက်သာပျောက်ကင်းသွားစေနိုင်ပါတယ်။၎င်းပြဿနာတွေဟာ အိပ်စက်ခြင်းကို ဘယ်လောက်တောင် ဒုက္ခပေးသလဲဆိုတာ ကြံုဖူးမှသာ သိပါလိမ့်မယ်။

၄။ မကျေနပ်ချက်၊ဝမ်းနည်းခံစားချက်တွေကို ဖောက်ခွဲပစ်နိုင်ပါတယ်။

အလုပ်မှာ အဆင်မပြေတာပဲဖြစ်ဖြစ်၊နှလုံးသားရေးရာ ကျွန်းခံလာတာပဲဖြစ်ဖြစ် ဟဲဗီးမက်တယ် ဒါမှမဟုတ် ရော့ခ်သီချင်းတပုဒ်ကို ခပ်ပြင်းပြင်း အော်ဟစ်သီဆိုလိုက်ရင် တင်းနေတဲ့ ခံစားချက်တွေဟာ အနည်းနဲ့အများတော့ လျော့ပါးသက်သာသွားမှာပဲ ဖြစ်ပါတယ်။သီချင်းဆိုဝါသနာပါသူတွေဟာ စိတ်ဓာတ်ကျတာ၊စိတ်ဆင်းရဲတာမျိုး အဖြစ်နည်းတာကို သင်တွေ့ရပါလိမ့်မယ်။သီချင်းဆိုခြင်းကြောင့် endorphins လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတမျိုး ထွက်ရှိလာပြီး ၎င်းဟာ သင့်ကို ပျော်ရွှင်တက်ကြွတဲ့ ခံစားချက် ပေးစွမ်းနိုင်ပါတယ်။

ဒါကြောင့် စိတ်ပဲညစ်ညစ်၊ဒေါသပဲထွက်ထွက်၊အလုပ်တွေကြောင့် စိတ်ပဲဖိစီးဖိစီး သီချင်းကိုသာ ခုနစ်သံချီအော်ဆိုပစ်လိုက်ပါ။သက်သာသွားပါလိမ့်မယ်။

၅။ သီချင်းဆိုခြင်းဟာ ဖိစီးမှုဝေဒနာတွေကို လျော့ပါးစေပါတယ်။

ဘယ်လိုသီချင်းပုံစံမျိုးကိုပဲ ဆိုဆို သင့်စိတ်ခံစားချက်ကို ကြည်လင်လန်းဆန်းစေမှာပါ။သီချင်းဆိုခြင်းဟာ ကြွက်သားတွေကို ပြေလျော့စေတဲ့အပြင် ဖိစီးမှုတွေကို ဖြစ်စေတဲ့ ကော်တီဇော ဟော်မုန်းရဲ့ သွေးတွင်းပမာဏကိုလည်း လျော့ကျစေပါတယ်။

၆။ သီချင်းဆိုခြင်းဟာ သင့်စိတ်ကိုတက်ကြွစေပါလိမ့်မယ်။

သီချင်းဆိုခြင်းဟာ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး ဦးနှောက်ထံသို့ အောက်ဆီဂျင်ရောက်ရှိမှုကိုလည်း များစေတာမို့ စိတ်လန်းဆန်းတက်ကြွခြင်း၊အာရုံစူးစိုက်နိုင်စွမ်း ပိုလာခြင်း၊မှတ်ဉာဏ်ကောင်းခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။အယ်လ်ဇိုင်းမားရောဂါရနေသူတွေမှာတောင် သီချင်းဆိုခြင်းဟာ မှတ်ဉာဏ်ထိန်းသိမ်းနိုင်စွမ်းကို တိုးတက်ကောင်းမွန်လာစေတယ်လို့ ဆိုပါတယ်။

၇။ သီချင်းဆိုခြင်းဟာ လူမှုဆက်ဆံရေး အကျိုးကျေးဇူးများစွာကို ဖြစ်ထွန်းစေပါတယ်။

အပေါင်းအသင်း၊လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကာရာအိုကေခန်းမတွေမှာ သီဆိုတာပဲဖြစ်ဖြစ်၊ခရစ်ယာန်ဘာသာဝင်များအဖို့ ဘုရားရှိခိုးကျောင်းမှာ သီဆိုတာပဲဖြစ်ဖြစ် အသိအကျွမ်းမိတ်ဆွေတိုးစေပါတယ်။ဒါ့အပြင် သီချင်းဆိုခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှုကိုလည်း ပိုတိုးစေတာကြောင့် လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ပညာရေးမှာပဲဖြစ်ဖြစ် presentation လုပ်စရာတွေ ကြံုလာတဲ့အခါ အထောက်အကူပြုမှာပါ။သင်ကိုယ်တိုင် သီချင်းဆိုလေ့ရှိတဲ့အခါ တခြားသူတွေ သီဆိုရင်လည်း အားပေးချီးကျူးချင်စိတ်တွေ ဖြစ်ပေါ်လာတတ်တဲ့အတွက် အကောင်းမြင်စိတ်ကိုလည်း တိုးပွါးစေနိုင်တဲ့ သဘောပဲ ဖြစ်ပါတယ်။ဒါဟာ အောင်မြင်ခြင်းရဲ့ ခြေလှမ်းတလှမ်းပါပဲ။

လူတိုင်းလိုလို သီချင်းဆိုတတ်ကြပါတယ်။ဆိုလေ့ရှိကြပါတယ်။ဆိုချင်ကြပါတယ်။သီချင်းဆိုခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကလည်း မနည်းလှပါဘူး။ဒါကြောင့် ပျော်လို့ပဲဖြစ်ဖြစ်၊စိတ်ညစ်လို့ပဲဖြစ်ဖြစ်၊အပေါင်းအသင်းတွေ စုံလို့ပဲဖြစ်ဖြစ် အရက်သောက်ကြမယ့်အစား အပြင်းစားသံစဉ်တွေနဲ့ အားပါးတရ သီဆိုပေါက်ကွဲထုတ်လိုက်ရင် ကျန်းမာရေးအတွက်လည်း များစွာအကျိုးဖြစ်ထွန်းတာမို့ အချိန်မရွေး၊နေရာမရွေး သီချင်းဆိုဖို့ကိစ္စကို ဒေါက်တာကတော့ ရက်စ်ပါပဲလို့ ပြောလိုက်ပါရစေ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly