တရုတ် သန်း ၆၀ ကို အလုပ်ပေးထားတဲ့ ဖားကန့်နဲ့ တားမနိုင် ဆီးမရ မှောင်ခိုကိစ္စ

တရုတ် သန်း ၆၀ ကို အလုပ်ပေးထားတဲ့ ဖားကန့်နဲ့ တားမနိုင် ဆီးမရ မှောင်ခိုကိစ္စ
ဓာတ်ပုံ-EPA

“ကျောက်မျက်ပြပွဲမှာပြနေတဲ့ ကျောက်တွေနဲ့ တရုတ်ပြည်မှာ ရောက်နေတဲ့ဟာ ချိန်ကြည့်လိုက်။ ဟိုမှာ တစ်ဦးပိုင်ကုမ္ပဏီတစ်ခုကပဲ ဧက လေး၊ ငါးဧကနဲ့အပြည့် ကျောက်ကို ဂိုထောင်ထဲ ထည့်ထားတာ။ ပြပွဲက တစ်နှစ်မှနှစ်ကြိမ်လုပ်တာ။ တရုတ်ပြည်မှာက အဲဒီလိုရှိတာ” လို့ ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဇေလွမ်းက သူ့ရဲ့ အတွေ့ အကြံုကို အခြေခံပြီး ပြောပြပါတယ်။

မြန်မာနုုိင်ငံမြောက်ပိုုင်း၊ ကချင်ပြည်နယ် ဖားကန့်ရတနာနယ်မြေအနီးတစ်ဝိုုက်ဒေသတွေကထွက်တဲ့ ကမ္ဘာ့အကောင်းဆုံုး အရည်အသွေးမြင့်ကျောက်စိမ်းတွေကိုု တရုတ်နိုင်ငံထဲမှာ သိုုလှောင်ထားတဲ့ ပမာဏကိုု သူကဆိုုလိုုက်တာပါ။

စာရေးသူကိုုယ်တိုုင် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်တဲ့ ဝှေခါ၊ ဆိုုင်းတောင်၊ လုံုးခင်းစတဲ့ ကျောက်စိမ်းမှော်တွေကိုု သွားရောက်လေ့လာတဲ့အခါမှာလည်း ကျောက်စိမ်းအရိုုင်းတုံုးတွေကိုု မြေနေရာကျယ်ကြီးမှာ အရွယ်အစားမျိုးစုံု၊ အရည်အသွေးမျိုးစုံုကျောက်တွေ တွေ့ခဲ့ရပါတယ်။ ဒီလိုုသိုုလှောင်ထားတဲ့ ကျောက်ကုုန်သည်က ခန့်မှန်းခြေအယောက် ၅၀ ကျော် လောက်ရှိနေပြီး ပုံုစံအမျိုးမျိုးနဲ့ တရုုတ်ပြည်ထဲကိုု ၀င်ရောက်နေပါတယ်။

ဖားကန့်ရတနာမြေပေါ်မှာတော့ ကျောက်စိမ်းတူးဖော်ခွင့်ပြုထားတဲ့ကုုမ္ဗဏီက ၄၀၀၀ နီးပါးရှိပြီး ကချင်ပြည်နယ်ရဲ့ တစ်ခြားဒေသတွေထက် လုုပ်ကွက်အများဆုံုးဖြစ်ပါတယ်။ ဒီလုုပ်ကွက်တွေမှာ လုုပ်ကိုုင်ခွင့်သက်တမ်းရှိနေသေးတဲ့ ကုုမ္ပဏီပေါင်း ၄၅၉ ခုုက တူးဖော်လုုပ်ကိုုင်နေကြတာပါ။

ကုမ္ပဏီအပြင် စွန့်ပစ်မြေစာပုံတွေမှာ ရေးမဆေးကျောက်ရှာဖွေနေတဲ့ ကျောက်တူးသမား စုစုပေါင်းအရေအတွက် က သုံးသိန်းအောက် မလျော့နိုင်ဘူးလို့ ကျောက်စိမ်းနယ်မြေထဲမှာ တည်ရှိတဲ့ ဆိပ်မူကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဦးရွှေသိန်းက ခန့်မှန်းတွက်ချက်ထားပါတယ်။

မြန်မာ့ကျောက်စိမ်းကိုု ကုုန်သည်ကြီးတွေဆီကရော၊ တစ်ပိုုင်တစ်နုုိ်င်တွေဆီကပါ တိုုက်ရိုုက်ချိတ်ဆက် ၀ယ်ယူနေတဲ့ တရုုတ်ကုုန်သည်အရေအတွက်က ၂၀၀ ကျော်လောက်ရှိနေပြီး မြန်မာပြည်က ထွက်သွားတဲ့ ကျောက်ရိုုင်းတုံုးတွေဟာ ရွှေလီ၊ ထိန်ချုံးနယ်စပ်တွေကတစ်ဆင့် ဟောင်ကောင်၊ ကူမင်းနဲ့ ကမ္ဘာ့စျေးကွက်တွေကိုု လက်ဝတ်ရတနာ အချောထည်ပုံုစံနဲ့ ရောက်ရှိ သွားပါတယ်။

ကျောက်မျက်ပြပွဲတွေဟာ အခွန်ဘဏ္ဍာငွေတွေရရှိပြီး တရားမဝင်ကုန်သွယ်မှု ပပျောက်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာဖြစ်ပေမယ့် တစ်ဖက်မှာလည်းဖြတ်သန်းရတဲ့ အဆင့်တွေနဲ့ အခွန်ကောက်ခံမှုစနစ်တွေက ရှုတ်ထွေးများပြားတာ၊ ဥပဒေတွေမှာ ဟာကွက်ရှိနေတာ၊ သယံဇာတအပေါ် စီမံခန့်ခွဲမှုနဲ့ ပွင့်လင်းမြင်သာမှုအားနဲတာစတဲ့ လစ်ဟာလျော့ရဲမှုတွေကလည်း အများသားပါ။

ကျောက်စိမ်းခိုးထွက်မှုများ

ဖားကန့်ရတနာနယ်မြေကနေ တရုတ်နို်င်ငံထဲကို လမ်းကြောင်းစုံကနေ တရားမဝင် ရောက်ရှိသွားပါတယ်။ ကချင်ပြည်နယ် ကန်ပိုက်တီးအပေါ်ဘက် လမ်းခွဲတွေရှိသလို စဒုန်းလမ်းခွဲကနေလည်း ထုတ်ထည်ကြီးမားတဲ့ ကျောက်စိမ်းတွေ နေ့စဉ်ထွက်နေတယ်လို့  အသက်(၅၀)ကျော် အရွယ် ကျောက်ကယ်ရီသမားတစ်ဦးက ပြောပါတယ်။

"ဖားကန့်ကနေထွက်ပြီး မြစ်ကြီးနားကိုလာလို့ရသလို မိုးကောင်း မိုးညှင်း ဗန်းမော်စတဲ့လမ်းတွေ အပြင်ဟိုပင်ကနေလည်း တရုတ်ကို ထွက်တယ်။ ကန်ပိုက်တီးမှာက အဖွဲ့စုံနဲ့ဖမ်းတဲ့ဂိတ်ရှိနေတော့ စဒုန်းလမ်းကို အသုံးများတယ်။ စစ်ဆေးရေးဂိတ်တွေရှိနေပေမယ့်ညှိလို့ရနေတယ်"လို့ ဆိုပါတယ်။

လုုပ်ငန်းရှင်တွေရဲ့ တစ်ညီတစ်ညွှတ်တည်းပြောဆိုုမှုကတော့ ကျောက်စိမ်းကိုု မှောင်ခိုုလမ်းက တစ်ဆင့် ကယ်ရီနဲ့ အခကြေးငွေပေးသယ်ယူ စေတာက ပိုုပြီးလျင်မြန်လွယ်ကူစေတယ် ဆိုုတာပါပဲ။

စာရေးသူအနေနဲ့ မြန်မာ့ကျောက်မျက်ရတနာလုုပ်ငန်း (မကလ)ကိုု သွားရောက်မေးမြန်းရာမှာတော့ ကုုမ္ပဏီတွေက တရားမဝင်ရောင်းချနေတယ်ဆိုုတဲ့ အချက်ကိုု မကလ ဘက်က အတိအလင်း ငြင်းဆိုုထားပါတယ်။ တရားမဝင်ထွက်ရှိမှုအများစုုကလည်း လုုပ်ပိုုင်ခွင့်ရကုုမ္ပဏီတွေကြောင့် မဟုုတ်ပဲ ရေမဆေးကျောက်သမားတွေက လုုပ်ဆောင်နေတာလိုု့ ပြောပါတယ်။

 “သူတို့က (ရေမဆေးသမား) တရားမဝင်ဘူး၊ တူးခွင့်လည်း မရှိဘူး။ ဒါကို တူးပြီးတော့ တစ်နိုင်တစ်ပိုင် ခိုးသယ်ပြီး ပြည်ပကို ရောင်းကြတာ။ တကယ်တော့ ရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင် ကုမ္ပဏီတွေက ၈၀ ရာခိုင်နှုန်းတူးရင် အဲဒီ ရေမဆေးတွေက ၂၀ ရာခိုင်နှုန်းလောက် ရကြတယ်။ အဲဒါတွေပဲ တရားမဝင် ထွက်တာပါ” လို့ မကလ ဒုတိယ အထွေထွေမန်နေဂျာ ဦးသန်းဇော်ဦး က ဆိုပါတယ်။

မကလအနေနဲ့ ကုမ္ပဏီတွေကို တရားဝင်လုပ်ကွက်တွေမှာ သတ်မှတ်ပေးထားတဲ့ ယာဉ်ယန္တရားအရေ အတွက်အတိုင်းတူးဖော်ခွင့်ပြုထားပြီး တရားမဝင် ခိုးထုတ်မှုတွေ မရှိဘူးလိုု့ ပြောပါတယ်။ ဒီလိုု ခိုးထုတ်သူ အနည်းစုထဲမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲဲ့ ကုမ္ပဏီ၊ လုပ်ငန်းတွေ ပါ၀င်နိုင်တယ်လို့လည်း ဦးသန်းဇော်ဦးက ပြောပါတယ်။

ဒါပေမယ့် ကျောက်မျက်ရောင်းဝယ်ရေးကုမ္ပဏီတွေ ကိုယ်တိုင် ကယ်ရီတွေနဲ့ ဒေသအမျိုးမျိုး၊ လမ်းကြောင်း အမျိုးမျိုးကို အခြေခံပြီး ကျောက်စိမ်းတွေ တရားမဝင် သယ်ယူမှုတွေ ရှိတယ်လို့ အခိုင်အမာ ပြောဆိုသူလည်း ရှိပါတယ်။ အဲဒီသူကတော့ ဒေသခံလူထု မဲပေးမှုနဲ့ တက်လာတဲ့ ဖားကန့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးပါ။

“ကယ်ရီတွေကလည်း ကျောက်မျက်ရောင်းဝယ်ရေးကုမ္ပဏီတွေ ထူထောင်ပြီးမှ ကယ်ရီကို လက်ခံတယ်။ လက်ခံပြီးတော့မှ ဒါတွေကို တရားဝင်လိုလို လုပ်ကြတယ်။ တချို့တွေက ဘယ်လိုပဲ နားလည်လည်းဆိုတော့ နိုင်ငံတော်ကို အခွန်ဆောင်ပြီး တရားဝင်သယ်တယ်လို့ပဲ ထင်ကြတယ်။ (တကယ်တမ်း) နိုင်ငံတော်ကို အခွန်မဆောင်ဘူး။ တစ်ပိဿာကို လေး၊ ငါး၊ ခြောက်ထောင်နဲ့ လက်ခံတယ်လို့ ကြားတယ်။ ပေါ်ပေါ်ထင်ထင်နဲ့ ကို စာရေးမတွေ ဘာတွေ၊ စစ်ဆေးတဲ့သူတွေနဲ့ ပေါ်တင်ကြီးကို လုပ် နေကြတာ” လို့ သူကဆိုုပါတယ်။

တရားမဝင်လမ်းကြောင်းကနေ တရုုတ်ပြည်ဘက်သွားနေတဲ့ ပမာဏကိုု တရားဝင်ဖော်ပြနုုိင်ခြင်း မရှိသေး ပေမယ့် တစ်ရက်ကိုုတန်၆၀လောက်နေ့စဉ်ထွက်တယ်လိုု့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုုယ်စားလှယ် ဦးတင့်စိုုးက ဆိုုပါတယ်။

“တရုတ်နိုင်ငံမှာရောက်နေတဲ့ ကျောက်စိမ်း ၉၅ ရာခိုင်နှုန်းလောက်က တရားမဝင် ပြည်တွင်းက ထွက်သွားတာ”လိုု့ သူဆိုုပါတယ်။တရားမဝင်ခိုုးထုုတ်သူတွေဟာ တစ်ပိုုင်တစ်နုုိင်လုုပ်ငန်းရှင် အသေးစားတွေ ထက် တရုုတ်လုုပ်ငန်းရှင်တွေရဲ့ ကျောထောက်နောက်ခံနဲ့ ဖွင့်လှစ်ထားတဲ့ ကုုမ္ပဏီကြီးတွေက လုပ်ဆောင်နေကြတာလိုု့ သူကဆက်ပြောပါသေးတယ်။

မှောင်ခိုုရောင်းဝယ်မှုကိုု အဓိကပံ့ပိုုးပေးတဲ့အရာတွေ

များသောအားဖြင့် မြန်မာကုုန်သည်က သူ့လက်ထဲရောက်လာတဲ့ ကျောက်စိမ်းကိုု တစ်နှစ်မှ နှစ်ကြိမ်ကျင်းပတဲ့ အမ်ပိုုရီယံတွေမှာ တင်ရောင်းတာမျိုးထက် အလျဉ်းသင့်သလိုု တရုုတ်ဝယ်လက်နဲ့ တိုုက်ရိုုက်ချိတ်ဆက်ရောင်းချ နေရတယ်လို့ ဖားကန့််ဒေသရတနာကုန်သည်တွေက ဆိုပါတယ်။

အန်ပိုရီယံကို မစောင့်နိုင်ဘူးဆိုရင် ကိုယ့်ဘာသာဘဲ ကယ်ရီနဲ့ မှောင်ခိုလမ်းကြောင်းကနေ ပို့ဖို့ လုပ်ရမှာပေါ့။ အဲဒီလိုနဲ့ပဲ ကျောက်တွေက အန်ပိုရီယံကို တင်ကြတဲ့အခါ အဖြစ်လောက်ပဲ တင်ပြီး တကယ့်ကျောက်ကောင်းတွေက တရုတ်ဘက်ကို မှောင်ခိုလမ်းကြောင်းကနေ အလိုလို ရောက်သွားရတာ” လို့ ဖားကန့်ခြေစိုုက် ကျောက်မျက်လုပ်ငန်းရှင်တစ်ဦိးက ဆိုပါတယ်။

လုုပ်ငန်းရှင်တွေအနေနဲ့ အန်ပိုရီယံ တင်ရတဲ့ အဓိက ရည်ရွယ်ချက်က White Money (ငွေဖြူ) ပြချင်လို့ဖြစ်တယ်လိုု့  သူကပြောပါတယ်။

ပြီးခဲ့တဲ့ဦးသိန်းစိန်အစိုုးရမစတင်မီအထိ စက်ယန္တရားစတဲ့ သွင်းကုုန် ၀ယ်ယူမှုအတွက် ပိုု့ကုုန်ရဝင်ငွေ လိုုအပ်ပါတယ်။ အင်ပိုုရီယံမှရရှိတဲ့ ၀င်ငွေကိုုသွင်းကုုန် တင်သွင်းဖိုု့ ရည်ရွယ်ပြီး ဒုုတိယတန်းစားနဲ့ တတိယတန်းစားကျောက်တွေ ရောင်းချလေ့ရှိပါတယ်။ အရည်အသွေး အကောင်းဆုံုးကျောက်တွေကိုုတော့ တစ်ဖက်နုုိင်ငံဝယ်လက်နဲ့ တိုုက်ရိုုက်ချိတ်ရောင်းကြတာပါ။

မန္တလေး၊ ဖားကန့်နဲ့လုံးခင်းကကျောက်စိမ်းလုုပ်ငန်းရှင်ဦးတင်မြင့်ကတော့ “တရုတ်ဘက်က ကျောက်မျက်ပြပွဲမှာ လာဝယ်ရင် အဆင့်တွေများသလို အချိန်က စောင့်ရတယ်။ နယ်စပ်ကကျ လွယ်တယ်၊ မြန်တယ်။ ဒီတော့ ပြပွဲတွေမှာ စျေးကို တင်းခံထားတယ်၊ မပေးဘဲ နယ်စပ်ကကျတော့ စျေးနည်းနည်း ပိုပေးလိုက်တယ်။ ဒီလိုနည်းနဲ့ ကုန်သည်တွေက နယ်စပ်ကပဲ တရားမဝင်ပို့ဖို့ ဖြစ်လာတယ်” လို့ ပြောပါတယ်။

ဒါတွေဟာ စျေးကွက်ကိုု ဇာက်ချုပ်ထားသလိုုဖြစ်ပြီး ကျောက်စိမ်းပြပွဲအရေအတွက် နည်းပါးတာကြောင့်အပြင် နုုိင်ငံတော်ကိုု အခွန်ဆောင်ရတဲ့ လုုပ်ထုံုးလုုပ်နည်းတွေက ရှုပ်ထွေးတာကြောင့် ဒီနှစ်ချက်ကိုု ပြင်ဆင်ပေးဖိုု့လည်း ကချင်လူမှု အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေအပေါ် တောင်းဆိုုထားကြပါတယ်။

အစိုးရတရားဝင်စာရင်းတွေအရ ၂၀၁၇-၁၈ ဧပြီကနေ ဖော်ဖော်ဝါရီလအထိ လုပ်ကွက်တွေက ထွက်ရှိတဲ့ ကျောက်စိမ်းပမာဏက စုစုပေါင်း တန်ချိန်၂၈,၀၀၀ခန့်လောက်လို့ ဆိုထားပေမယ့် ဖားကန့်ရတနာမြေမှာ ကျောက်စိမ်းပမာဏ တစ်နှစ်ကို တန်ချိန်သုံးသိန်းလောက်အထိ အမျာဆုံုး ထုတ်ယူခံနေရတယ်လို့ ကချင်ပြည်နယ်ကျောက်မျက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးဇေလွမ်းက ဆိုပါတယ်။

နိုင်ငံလူဦးရေနီးပါးတရုတ်များကို လုပ်ငန်းရှင်ဖြစ်သွားစေတဲ့ မြန်မာ့ကျောက်စိမ်း

မြန်မာ့ကျောက်စိမ်းကို အချောထည်လုပ်ပြီး ဥရောပနဲ့ အာရှစျေးကွက်ကို ထိုးဖောက်လုပ်ကိုင် နေတဲ့ တရုတ်လုပ်ငန်းရှင်အရေအတွက်ဟာ သန်းပေါင်း ၆၀ ခန့်ရှိပြီး မြန်မာပြည် လူဦးရေထက်တောင် များပြားတယ်လို့ ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဇေလွမ်းကဆိုုပါတယ်။

နေပြည်တော်မှာတစ်နှစ်ကိုနှစ်ကြိမ်လောက်ပြုလုပ်လေ့ရှိနေတဲ့ ကျောက်စိမ်းရောင်းချပွဲမှာ လုံခြံုရေးဂိတ်အဆင့်ဆင့်ကိုဖြတ်ပြီးမှ ၀င်ရောက်လေ့လာခွင့်ရပေမယ့်တရုုတ်ပြည်နယ်စပ် ရွှေလီ၊ ထိန်ချူံးစတဲ့နယ်မြို့တွေရဲ့စျေးတွေမှာတော့ မြန်မာ့ကျောက်စိမ်းတွေကိုု လမ်းဘေးချရောင်းနေတာကိုု အဲဒီဒေသတွေဆီ ကွင်းဆင်းလေ့လာမှုအရ မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် လူသွားလမ်းမှာ ခင်းရောင်းနေကြတာဖြစ်လို့ လမ်းနဲ့မလွတ််တဲ့တစ်ချို့ကျောက်စိမ်းတုံးတွေကို ခြေထောက်နဲ့ တွန်းကန်ရွေ့သွားတဲ့ မြင်ကွင်းကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ဒါဟာ ပြည်တွင်းက ထွက်နေတဲ့ကျောက်စိမ်းတွေ တရုတ်နိုင်ငံထဲကိုအလုံးအရင်းနဲ့ဝင်ရောက်နေပြီး တစ်ဖက်မှာ အလွယ်တကူစျေးကွက်ဖြစ်နေတယ်ဆိုတဲ့ အခြေအနေကို သိသာထင်ရှားစေခဲ့ပါတယ်။

ဥပဒေလုုပ်ထုံုးလုုပ်နည်းတွေအပြင် စီးပွားရေးအရ စျေးကွက်ဖော်ဆောင်မှုနဲ့ နည်းပညာပိုုင်းအားနဲချက် တွေရှိနေတာကြောင့် မျက်မြန်မာ့ကျောက်စိမ်းစျေးကွက်ဟာ အရိုုင်းထည်အနေနဲ့သာ ရောင်းချနေရဆဲပါ။

တရုုတ်ဝယ်လက်ကိုု အဓိကမှီခိုုနေရတဲ့အတွက် တစ်ဖက်နုုိင်ငံရဲ့မူဝါဒအပြောင်းအလဲက ပြည်တွင်း စျေးကွက်ကိုု အဆိုုးဆုံုးအထိရောက်အောင် ဆွဲချသွားနုုိင်ပါတယ်။

ချစားမှုတွေနဲ့ ပတ်ဝန်းကျင်အလွဲသုံုးစားမှုဆိုုင်ရာ စောင့်ကြည့်ဖော်ထုုတ်ရေးအဖွဲ့ Global Witness က ၂၀၁၄ခုုနှစ်မှာ မြန်မာ့ကျောက်စိမ်းတူးဖော်မှုကဏ္ဍနဲ့ပတ်သက်တဲ့ အစီအရင်ခံစာတစ်စောင် ထုုတ်ပြန်ခဲ့ပါတယ်။၂၀၀၅ ကနေ ၂၀၀၄ အထိကာလအတွင်း မြန်မာပြည်က ကျောက်စိမ်းထုတ်သမျှရဲ့ ၃ ပုံ ၁ ပုံခန့်ကိုသာ အစိုးရကို စာရင်းတင်ပြကြပြီး ကျန်တာတွေကိုတော့ တရုတ်ပြည်ဘက်ကို ခိုးပို့နေကြတယ်လို့ ဆိုထားပါတယ်။ ထွက်ရှိသမျှ ကျောက်စိမ်းပမာဏဟာ ကီလို ၁၆ သန်းကျော်ရှိပြီး တန်ဖိုးကတော့ အမေရိကန် ဒေါ်လာ ၃၁ ဘီလီယံအထိ ရှိတယ်လို့ တွက်ချက်ပြထားပါတယ်။ ဒီပမာဏဟာ တိုင်းပြည် GDP ရဲ့ ထက်ဝက် နီးပါး ရှိပြီး ကချင်ပြည်နယ်တွင်းက လူတစ်ဦးချင်းစီအတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂၁,၀၀၀ တန်ဖိုးနဲ့ ညီမျှတဲ့ ၀င်ငွေ ရရှိစေနိုင်မယ်လိုု့ ဆိုုပါတယ်။

ဒီအစီရင်ခံစာ ထွက်ပြီး နောက်တစ်နေ့မှာပဲ သတ္ထုတွင်းဝန်ကြီးဌာနက နိုင်ငံပိုင်သတင်းစာကတစ်ဆင့် ငါးနှစ် အတွင်း မြန်မာပြည်က ကျောက်စိမ်းထွက်ရှိမှုပမာဏကို နိုင်ငံပိုင်သတင်းစာနှစ်စောင်ကတစ်ဆင့် ထုတ်ပြန်ပေး ခဲ့ပါတယ်။ အဲဒီနှစ်အတွက် (2014) မကလရဲ့ စာရင်းတွေအရ ကျောက်စိမ်းရောင်းချမှုက ရတဲ့ ရတနာခွန်ဟာ ကျပ်ရဘီလျံကျော် (အမေရိကန်ဒေါ်လာ၅သန်းခန့်)လိုု့ သိရပါတယ်။

ဒါပေမဲ့ အဲဒီနှစ်အတွက် ကျောက်စိမ်း ရောင်းချမှုကနေ ရတဲ့ ရတနာအခွန်ငွေဟာ မြန်မာငွေကျပ် သန်းပေါင်း ရ၀၀၀ ကျော်နဲ့ အမေရိကန်ဒေါ်လာ ငါးသန်းခန့် ရှိတယ်လို့ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

ကျောက်စိမ်းလုပ်ကွက်၊ ဗဟိုနှင့် ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်အာဏာ

ပြည်တွင်းစျေးကွက်ခိုင်မာစေဖို့အတွက် ၂၀၁၇ ကျောက်မျက်ရတနာ ဥပဒေမူကြမ်းကို အလျင်အမြန် ပြဋ္ဌာန်းနိုင်ဖို့ လိုအပ်နေတယ်လို့ ပြည်နယ်လွှတ်တော်ကိုုယ်စားလှယ်တွေက ဝေဖန်ပြောဆိုုနေကြပါတယ်။

ဒါ့အပြင် ဖားကန့်ရတနာနယ်မြေနဲ့ ကျောက်မျက်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ လုပ်ပိုင်ခွင့် တွေ၊ ဥပဒေပြုပိုင်ခွင့်ရှိသူတွေဟာ ပြည်ထောင်စုုအဆင့်တာဝန်ရှိသူ၊ ဗဟိုအစိုးရသာ ဖြစ်တယ်လို့ ၂၀၀၈ အခြေခံဥပဒေမှာပြဋ္ဌာန်းထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေသအခြေစိုက် ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့််အာဏာ အခုထက် ပိုပြီးပေးသင့်တယ်လို့ ကချင်ပြည်နယ် သယံဇာတဝန်ကြီး ဦးH Hla Awng ကဆိုုပါတယ်။

“မတရားဝင် ကျောက်စိမ်းတူးဖော်မှုတွေကို တွေ့တဲ့အခါတိုင်း KIA အားကိုး၊ ပြည်သူ့စစ်အားကိုး၊ ဟိုလူ အားကိုး ဒီလူအားကိုး လုပ်နေမယ့်အစား တရားဝင်အဖြစ် အစိုးရကို အားကိုးပြီး လုပ်ကိုင်နေနိုင်ပါပြီ” ဆိုပြီး စည်းရုံးမှု တွေ လုပ်နေရတယ်လို့ သူက ဆိုပါတယ်။

အစိုးရဘာတွေလုုပ်ပေးနုုိင်မလဲ

ဖားကန့် ရတနာနယ်မြေထဲ ကွင်းဆင်းလေ့လာခဲ့မှုတွေအရ ပြည်တွင်းကုန်သည်တွေဟာ လုံခြံုစိတ်ချရမှု ကင်းမဲ့ တဲ့ တရားမဝင်လမ်းကြောင်းကနေ ကျောက်စိမ်းတွေကို ရောင်းဝယ်နေရတာထက် တရားဝင်လမ်းကြောင်းကနေ ပြည်ပတင်ပို့နိုင်ဖို့ကို လိုလားနေကြတယ်လိုု့ ဆိုုပါတယ်။

မြန်မာ့ကျောက်စိမ်းအတွက် ကျောက်စိမ်းရောင်းချပွဲတွေကို အစိုးရက ဦးစီးပြီး ပုံမှန်လုပ်နေကြ တစ်နှစ် နှစ်ကြိမ်ထက် တိုးပြီးလုုပ်ဆောင်သွားဖိုု့ နဲ့ ပြပွဲတွေကိုလည်း နေပြည်တော်လို မှာတင်မဟုုတ်ပဲ  ကျောက်စိမ်း အရောင်းအဝယ်တွေ ရှိတဲ့ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီး နား စတဲ့ မြို့တွေမှာလည်း ကျင်းပပေးဖို့ တောင်းဆိုုမယ်လိုု့ ဆိုုနေကြပါတယ်။

လုုပ်ငန်းရှင်တွေဖက်က အခွန်စနစ်ကိုုရှင်းလင်းအောင်လုုပ်ဆောင်ပေးဖိုု့နဲ့ ကြန့်ကြာမှုတွေကိုု ဖြေရှင်းပေးဖိုု့ လိုုလားနေကြတယ်လိုု့ ကျောက်စိမ်းလုုပ်ငန်းရှင် ဦးတင်မြင့်ကဆိုုပါတယ်။

“အပွင့်လင်းဆုံး ဆိုပါစို့ဗျာ။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ငွေပေးရတဲ့အခါ တစ်နေရာ တည်းနဲ့ ပြတ်ရင် ကောင်းတယ်တဲ့။ လုပ်ငန်းလည်း တွင်တယ်။ ကျွန်တော်တို့က အဲဒီလို ဖြစ်ချင်တာပါတဲ့။ ကချင်ပြည်နယ် သယံဇာတဝန်ကြီးနဲ့လည်း မပြီးဘူး။ ကျောက်စိမ်းအခွန်အပြင် စာရွက်စာတမ်းကြေး၊ ကီလို ကြေး၊ ဟိုကြေးဒီကြေးတွေ အများကြီးဗျာတဲ့။ တစ်ခါ မြန်မာစစ်တပ်ပေါ့။ စစ်ဗျူဟာကုန်း၊ တပ်မကုန်းနဲ့ တစ်ခါ တည်း မပြီးပြန်ဘူး။ ဒီလက်မှတ်ရဖို့ ကြန့်ကြာပြန်ရော။ တပ်မမှူး ခရီးထွက်နေလို့ မအားသေးလို့ စသဖြင့် အချိန် တွေ ကြန့်ကြာရပြန်ရော” လို့ ကျောက်စိမ်းလုပ်ငန်းရှင် ဦးတင်မြင့်က ဆိုပါတယ်။

လျှင်မြန်တဲ့ ကုုန်သွယ်မှုဖြစ်လာစေရေးအတွက် အစုုိးရဆက်ကြေးတွေအပြင် ဒေသခံလက်နက်ကိုုင် အဖွဲ့အစည်းတွေကိုုလည်း အဆင့်ဆင့်ပေးဆောင်ရမှုတွေ ရှိနေတယ်လိုု့ ပြောပါတယ်။

“ဆိုးတာက သူတို့တောင်းသမျှ ညှိမရဘူး။ သူတို့ပြောတာက လက်ဖက်ရည်ဖိုး၊ တကယ်တောင်း တာက ငါးသိန်းတန် လက်ဖက်ရည်ဖိုးမျိုးဆိုတော့ အဆင်မပြေဘူးဗျတဲ့”လိုု့ ဦးတင်မြင့်ကပင် ပြောပါတယ်။

တရားမဝင် အခွန်တွေအပြင် ကျောက်စိမ်းရောင်းချမှုကနေ ရရှိတဲ့ အခွန်ပမာဏကို ပြည်တွင်းအခွန်ဦးစီးဌာနကို သွားရောက်မေးမြန်းတဲ့အခါမှာလည်း သေချာတိကျတဲ့ စာရင်း မရရှိခဲ့ပါဘူး။ ရတနာနယ်မြေက တန်ဖိုးသတ် မှတ်လိုက်တဲ့ ကျောက်တွေအပေါ် ရောင်းရတဲ့ တန်ဖိုးကိုသာ အထူးကုန်စည်ခွန်အဖြစ် ကောက်ခံတာမျိုးဖြစ်ပြီး ကျန်တာတွေကို ၀င်ငွေခွန်အပါအင် ခေါင်းစဉ်အမျိုးမျိုးနဲ့ ကောက်ခံနေတာကြောင့်မို့ နှစ်စဉ်ထွက်ရှိတဲ့ ကျောက် စိမ်းတစ်တုံးချင်းစီရဲ့ အခွန်ရရှိမှု ပမာဏစုစုပေါင်းဖို့ သိရှိဖို့ ခက်ခဲခဲ့ပါတယ်။

ဒါ့အပြင် တရုတ်ပြည်ကို အဓိကထားပြီး ကျောက်စိမ်းတွေကို အရိုင်းအဆင့် တင်ပို့မှုတွေအစား ပြည်ပကနေ ကျောက်စိမ်းအချောထည်လုပ်ငန်းဆိုင်ရာ နည်းပညာတွေကို တင်သွင်းယူလာ ဖြန့်ဖြူးပေးဖို့ လိုနေပါတယ်။ ဒါဟာ ပြည်တွင်းမှာ အလုပ်အကိုင်အသစ်တွေ ဖန်တီးပေးနိုင်ဖို့အတွက် အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်သလို နည်း မျိုးစုံနဲ့ အရွယ်အစားမျိုးစုံ အရိုင်းအဆင့်နဲ့ ပြည်ပထွက်နေမှုကို တစ်ဖက်တစ်လမ်းက ကာကွယ်နိုင်ဖို့အတွက်အ ကူအညီတစ်ရပ် ဖြစ်စေမှာပါ။     ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly