ဧရာဝတီမြစ်တစ်လျှောက် ဖွံ့ဖြိုးရေးနှင့် ရေရှည်ထိန်းသိမ်းရေး ဆွေးနွေးပွဲပြုလုပ်

ဧရာဝတီမြစ်တစ်လျှောက် ဖွံ့ဖြိုးရေးနှင့် ရေရှည်ထိန်းသိမ်းရေး ဆွေးနွေးပွဲပြုလုပ်

ရန်ကုန်၊ မေ ၈ ရက် ။         ။ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ဖွံ့ဖြိုးရေးနှင့် ရေရှည်ထိမ်းသိမ်းရေးဆောင်ရွက်နိုင်ရန်အတွက် Ayeyarwady BESS ဆိုသည့် ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ Lotte Hotel ၌ မေလ ၈ ရက်နေ့၌ ပြုလုပ်ခဲ့သည်။

"အနာဂါတ်မှာ ဧရာဝတီမြစ်ကြီးရဲ့ စီမံခန့်ခွဲမှုကို သေချာအောင်၊ ဧရာဝတီမြစ်ကြီးကို ကျန်းမာ ကောင်းမွန်တဲ့မြစ်ဖြစ်အောင်၊ လူတွေအတွက် အသက်မွေးဝမ်းကြောင်းပြုရတာ ကောင်းမွန်တဲ့ေ နရာဖြစ်အောင်၊ လူတွေအတွက် ကောင်းမွန်တဲ့ရေအရည်အသွေးရှိတဲ့ မြစ်ဖြစ်အောင်၊ မြစ်ကြောင်း ၀န်းကျင်ကဘဝတွေအားလုံး၊ ရေတွေအားလုံးကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းဖို့ ဆိုတာတွေက ဒီဆွေးနွေးပွဲရဲ့ အဓိကရည်ရွယ်ချက်တွေဖြစ်ပါတယ်" ဟု Water Aid ၏ ကန်ထရီးဒါရိုက်တာ Mr. Shihab Uddin Ahamad က ပြောသည်။

ယခုဆွေးနွေးပွဲ၏ရလဒ်များသည် ရေရှည်စီမံကိန်းများအတွက်ဖြစ်ပြီး အနာဂါတ်ဆွေးနွေးပွဲများတွင် အစိုးရမှ သက်ဆိုင်ရာဌာနများ ပါ၀င်ဆွေးနွေးလာမည်ဖြစ်သည်ဟု Mr. Shihab Uddin Ahamad က ပြောသည်။

ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ငြိမ်းချမ်းရေးနှင့်ပဋိပက္ခ၊ ရေကြီးနစ်မြုပ်မှု၊ ဂေဟစနစ်၊ အသက်မွေးဝမ်း ကြောင်း၊ အဟာရနှင့်ကျန်းမာရေး စသည့် ကဏ္ဍ ၅ ရပ်ကို လေ့လာဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

"ဒီနေ့ကတော့ ဧရာဝတီမြစ်ဝှမ်းအတွက် Development Pathway အကြောင်း အလုပ်ရုံဆွေးနွေးပွဲ လုပ်တာပါ။ Development Pathway ဆိုတာ အရေးကြီးပါတယ်။ ဘာလို့ဆို ရှုပ်ထွေးတဲ့မြစ်ဝှမ်း အတွက် မဟာဗျူဟာ စီစဉ်ရေးဆွဲတဲ့အခါမှာ ပထမအဆင့်လည်းဖြစ်ပါတယ်" ဟု CSIRO Land and Water ၏ Research Scientist Mr.Tira Foran က ပြောသည်။

ဧရာဝတီမြစ်ကို ပြုပြင်ထိမ်းသိမ်းပြီး သဘာဝမှထုတ်ပေးသည့်ရေများကို အကောင်းဆုံးအသုံးချနိုင်ရန် ပြန်လည်တည့်မတ်ပေးရန်လိုသည်ဟု အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီအကြံပေးအဖွဲ့၏ အတွင်းရေးမှူး ဒေါက်တာဒေါ်ခင်နီနီသိန်း က ပြောသည်။

"ဧရာဝတီရဲ့အခြေအနေက ဘာနဲ့တူလဲဆိုတော့ သူကပြုပြင်ထိန်းသိမ်းရေးမလုပ်နိုင်တဲ့အတွက် သဘာဝရဲ့ပေးလာတဲ့ကောင်းကျိုးတွေကို အကောင်းဆုံးအသုံးမချနိုင်တဲ့ အခြေအနေမှာ ရှိနေတာပေ့ါနော်" ဟု အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီအကြံပေးအဖွဲ့မှ ဒေါက်တာ ဒေါ်ခင်နီနီသိန်း က ဆိုသည်။

ဆွေးနွေးပွဲကို အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီအကြံပေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး DWIR ၊ CSIRO Land and Water ၊ Water Aid စသည့်အဖွဲ့အစည်းများက ဦးဆောင်ပြုလုပ်ခြင်း ဖြစ်သည်။

ဧရာဝတီမြစ်ဝှမ်းနှင့်ပတ်သက်၍ အနာဂတ်ကာလ အခွင့်အလမ်းများ၊ ဆိုးကျိုးအန္တရာယ်များကို ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် BESS အနေဖြင့် အနာဂတ်ဖြစ်နိုင်ခြေအပေါ် ဖြန့်ကျက်တွေးတောခြင်း၊ မြစ်ဝှမ်း ပုံစံချမှတ်ခြင်း နှင့် အရေးပါသည့် ပါ၀င်ဆောင်ရွက်သူ (Stakeholders) များနှင့် ဆွေးနွေးတိုင်ပင်မှုများကို လုပ်ဆောင်နေသည်။

AIRBM ပရောဂျက်က ဦးဆောင်သည့် သီးခြား သုံးနှစ်တာ မြစ်ဝှမ်း မာစတာပလန် အစီအစဉ်တစ်ခုတွင် ပါ၀င်ရန် stakeholders များကို BESS ဘက်က မြန်မာအစိုးရကိုယ်စား လုပ်ဆောင်နိုင်စွမ်းအားများကို တည်ဆောက်ပေးရန် ရည်ရွယ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly