မျိုးချစ်စိတ်နှင့် နိုင်ငံကိုကာကွယ်ခဲ့သော ကြံ့ခိုင်ရေးပါတီဟု ဆို

မျိုးချစ်စိတ်နှင့် နိုင်ငံကိုကာကွယ်ခဲ့သော ကြံ့ခိုင်ရေးပါတီဟု ဆို

 

မန္တလေး၊ မေ ၈ ။                   ။ မျိုးချစ်စိတ်နှင့်နိုင်ငံကိုကာကွယ်ခဲ့သောကြံ့ခိုင်ရေးပါတီဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်က မေလ ၈ ရက်တွင် ပြောသည်။

"မျိုးချစ်စိတ်ဓါတ် အပြည့်အဝနဲ့ နိုင်ငံကို ဘေးအန္တရာယ်အသွယ်သွယ် မှန်သမျှတွေကို ကာကွယ်ပြီး တော့ ခေတ်မီသာယာဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးဖြစ်အောင်တည်ဆောက်ခဲ့တာဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖြစ်တယ်"ဟု ဦးဝဏ္ဏမောင်လွင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မေလ ၈ ရက်၊နံနက်ပိုင်းတွင် ပြုလုပ်သည့် လူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်တွင် ဦးဝဏ္ဏမောင်လွင်က အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

"နိုင်ငံရေးစနစ်ကြီးတစ်ခုကိုပြောင်းလဲခဲ့တယ်။ဒီလိုနိုင်ငံရေးစနစ်ကြီးပြောင်းလဲတယ်ဆိုတဲ့နေရာမှာ ၂၀၁၂ခုနှစ် မတ်လမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအစိုးရ တာဝန်ယူခဲ့တဲ့အချိန်ကစပြီး နိုင်ငံတော်ကို စနစ်သစ်တစ်ရပ် စတင်ဖြတ်သန်းခဲ့တယ်။ အလားတူပဲ စီးပွားရေးစနစ်ကိုလည်း ပြုပြင်ပြောင်းလဲပေးခဲ့တယ်။ ဒီလိုဆောင်ရွက်ခဲ့တဲ့အသီးအပွင့်တွေနဲ့အခု ဒုတိယအကြိမ် လွှတ်တော်ဆိုတာလည်း ပေါ်ပေါက်လာတယ်။ ရွေးကောက်ပွဲမှာအောင်မြင်သွားတဲ့ အနိုင်ရသွားတဲ့ အစိုးရပါတီကိုလည်း စနစ်တကျနဲ့လွှဲပြောင်းပေးခဲ့တယ်။"ဟု ဦးဝဏ္ဏမောင်လွင်က ပြောသည်။

ပြည်ခိုင်ဖြိုးအစိုးရအနေဖြင့် လက်ရှိအစိုးရကို ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် အသစ်ဆောင်ရွက်ရမည့် စီမံချက်များကို စာရင်းဇယားအတိအကျဖြင့် ပြည့်ပြည့်ဝဝလွှဲပြောင်းပေးခဲ့သည်ဟုလည်း ၎င်းကဆိုသည်။

ပြည်ခိုင်ဖြိုးပါတီအတွင်းတွင် အရည်အသွေးပြည့်ဝသည့် ပါတီဝင်များနှင့် အရည်အသွေးပြည့်ဝသည့် ပါတီဝင်အသစ်များ မြောက်များစွာရှိနေသည်။

ပြည်ခိုင်ဖြိုးပါတီအနေနှင့်နိုင်ငံကို ရေရှည်တိုးတက်အောင် ပြည်သူလူထုတွေ၏ ဘဝကို ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးနိုင်သည့် နိုင်ငံရေးအင်အားစုတွေ ရှိရန်လိုအပ်နေခြင်းကြောင့် မျိုးဆက်သစ် တစ်ခုနှင့် တစ်ခုကို စနစ်တကျပြုစုပျိုးထောင်ပေးသွားမည်ဟု ဦးဝဏ္ဏမောင်လွင်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly