ရခိုင်စီးပွားရေးဝန်ကြီးအား စွပ်စွဲပြစ်တင်ထားသည့်ကိစ္စများအား ပြည်နယ်လွှတ်တော်စစ်ဆေးနေ

ရခိုင်စီးပွားရေးဝန်ကြီးအား စွပ်စွဲပြစ်တင်ထားသည့်ကိစ္စများအား ပြည်နယ်လွှတ်တော်စစ်ဆေးနေ
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း (ဓာတ်ပုံ RiA)

 

စစ်တွေ၊ မေလ ၈ ရက်။                           ။ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်မှာ စွပ်စွဲပြစ်တင်ခံထားရတဲ့ ရခိုင်ပြည်နယ် ဘဏ္ဍာရေးနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို ပြည်နယ် လွှတ်တော် စုံစမ်းစစ်ဆေးရေး အဖွဲ့အနေနဲ့ မေလ ၄ ရက်နေ့ကနေ စတင် စစ်ဆေးနေပါတယ်။

 “ကျွန်တော်တို့ ဒီမေလ ၄ ရက်နေ့က စတင်စစ်ဆေးနေပါပြီ။ ဝန်ကြီးဆီကို စွဲချက်နဲ့ လွှတ်တော်နဲ့ ပတ်သက်ပြီး တော့ အကြောင်းကြားတယ်။ နောက်ဝန်ကြီးကို ရက်ချိန်းပေးတယ်။ စွဲချက်တွေကို လွှတ်တော်မှာ ဝန်ကြီးကို ခေါ်ပြီးတော့ ဖတ်ပြတယ်ပေါ့။ အဲဒါတွေလုပ်ပြီးတော့ ကျွန်တော်တို့ အခုက ကွင်းဆင်းပြီးတော့ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။”လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ဦးနိုင်ကြွယ်အေးက ပြောပါတယ်။

ရခိုင်ပြည်နယ် ဘဏ္ဍာရေးနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းဟာ ဥပဒေအရ ပေးအပ်တဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ခြင်းမရှိတဲ့အပြင် နှစ်အလိုက်ရန်ပုံငွေတွေကိုလဲ ဘဏ္ဍာရေး စည်းမျည်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းနဲ့အညီ မဆောင်ရွက်နိုင်တာကြောင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ နစ်နာရတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက လက်မှတ်ရေးထိုးပြီးတော့ ပြည်နယ်လွှတ်တော်ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။
 
ဝန်ကြီး ဦးကျော်အေးသိန်း စွပ်စွဲပြစ်တင်ခံထားရတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေး တွေ့ရှိချက်တွေကို မေလ ၃၀ ရက်နေ့ကို နောက်ဆုံးထားပြီး ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကို တင်ပြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဝန်ကြီး ဦးကျော်အေးသိန်းကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦး ပါဝင်တဲ့ ပြည်နယ်လွှတ်တော် စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲကို ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး အခုစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

ပြည်နယ်လွှတ်တော်က ဥပဒေနဲ့ အညီ လုပ်လို့ရတဲ့အတိုင်း လုပ်တာဖြစ်တဲ့အတွက် ဒါကို ဥပဒေနဲ့အညီ ပြန်လည်ဖြေရှင်းသွားဖို့ ရှိတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောပါတယ်။

“စုံစမ်း စစ်ဆေးတာတွေ အခုပြောလို့ မရသေးဘူး။ နောက်မှ ပြောပါမယ်။ ပြောစရာတွေတော့ မရှိပါဘူး။ သူတို့ က ဥပဒေနဲ့ လုပ်လို့ရတဲ့အတိုင်းလုပ်တယ်။ ကျွန်တော်ကလည်း ဥပဒေနဲ့ အညီပြန်ဖြေရှင်းပါမယ်။” ဘဏ္ဍာရေးနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်ကိုလည်း အဆင့်မြင့် စျေး ၅ ခု၊ တင်ဒါ ခေါ်ယူမှုအပိုင်း မှာ ပွင့်လင်းမြင်သာမှုမရှိဆိုပြီး ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ဝန်ကြီး ရာထူးနဲ့ တာဝန်က ဖြုတ်ချခံခဲ့ရပါတယ်။

ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီး ဦးမင်းအောင်သည် နိုင်ငံတော်က ဥပဒေအရ ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သည့်အတွက် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွား နစ်နာဆုံးရှုံးသည်ဟု ဆိုကာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုး တိုင်ကြားခဲ့ကြခြင်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly