မြေယာပြဿနာများကို ဖြေရှင်းရာတွင် ဗဟိုဦးစီးချုပ်ကိုင်မှု လျှော့ချရန်လိုအပ်နေဟုဆို

မြေယာပြဿနာများကို ဖြေရှင်းရာတွင် ဗဟိုဦးစီးချုပ်ကိုင်မှု လျှော့ချရန်လိုအပ်နေဟုဆို

ရန်ကုန်၊ မေလ ၈ ။          ။ မြေယာပြဿနာဖြေရှင်းရာတွင် သက်ဆိုင်ရာ အရာရှိဝန်ထမ်းများအနေဖြင့် သတင်းအချက်အလက်ဆိုင်ရာ ပံ့ပိုးမှုများနှင့် ဥပဒေပိုင်းဆိုင်ရာပံ့ပိုးမှုများ လုပ်ဆောင်ပေးသင့်ကြောင်း၊ အကျိုးစီးပွားနှင့် သက်ဆိုင်ခြင်းမရှိဘဲ မြေယာဥပဒေများအား ကျွမ်းကျင် သည့် ပညာရှင်များအား ဆုံးဖြတ်ပိုင်ခွင့်ပေးကာ ဆုံးဖြတ်ချက်ရလဒ်များကို ဗဟိုဦးစီးချုပ်ကိုင်မှု လျှော့ချမည် ဆိုပါက မြေယာပြဿနာများကို မှန်ကန်မြန်ဆန်စွာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း မုတ်သုံကျေး လက်ဖွံ့ဖြိုးရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသောင်းထွန်းကပြောသည်။

“ လက်ရှိ NLD အစိုးရမှာ မြေယာသိမ်းဆည်းခံရတဲ့ သူတွေအတွက် တရားမျှတသော အဖြေရှာပေးဖို့ နိုင်ငံရေး စေတနာရှိပါတယ်။ မူဝါဒတစ်ချို့လည်းချမှတ်ခဲ့တယ်။ ဒါပေမယ့်လို့ ဖြစ်နေတဲ့ အနေအထားက ဘာလဲဆိုတော့ ဗဟိုဦးစီးချုပ်ကိုင်မှုများတယ်”ဟု ဒေါက်တာသောင်းထွန်းက ဆိုသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော မြေယာပြဿနာများကိုဖြေရှင်းရာတွင် ကျေးလက်၊ မြို့နယ်အဆင့်ထိ လုပ်ပိုင်ခွင့်တစ်စုံတရာ ခွဲဝေပေးခြင်းနှင့် မြေ ရာဇဝင်အား တိကျစွာသိရှိပြီး တောင်သူလယ်သမား ကိုယ်စားပြု သူများကိုယ်တိုင် ဆုံးဖြတ်သူများနေရာတွင် ပါဝင်လာရန်လိုအပ်ကြောင်း မုတ်သုံကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသောင်းထွန်းက ပြောသည်။

မြေယာပြဿနာများနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရအနေဖြင့် နိုင်ငံရေးဆန္ဒရှိသော် လည်း မြေယာပြဿနာအမှုတွဲများမှာ မြို့နယ်နှင့် ခရိုင်ကြားထဲတွင် ဘောလီဘောပုတ်သကဲ့သို့ တစ်ဝဲလည် လည်ရှိနေကြောင်း ဒေါက်တာသောင်းထွန်းက ပြောသည်။

“ ဒီကနေ့ မြေယာသိမ်းဆည်းခံရမှုကြောင့် နစ်နာမှုများ ကော်မတီတွေမှာ အဓိက ဇာတ်ဆောင်တွေအနေနဲ့ ဖြစ်နေတာက မြို့နယ်အုပ်ချုပ်ရေးမှူးတို့၊ မြေစာရင်းက အရာရှိတို့၊ ဒီတော့ ကျွန်တော်တို့ ကနေ့ အမွေခံရတဲ့ ပြဿနာတွေမှာ ဒီလူတွေက အကျိုးစီးပွား စပ်ဆိုင်တဲ့  အထဲထဲမှာပါပါတယ်။ ကုမ္ပဏီတွေပါတယ်။ အကျိုးစီးပွားစပ်ဆိုင်တဲ့အပိုင်းတွေမှာ။ ဒီအထဲတွေမှာ ပတ်သက်ခဲ့ကြတဲ့ အဂတိလိုက်စားမှုနဲ့ ဆက်နွယ်နေတဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တချို့ပါတယ်။ ဒါကြောင့်မို့လို့တချို့ကိစ္စတွေမှာ  အကျိုးစီးပွားနဲ့ ပတ်သက်တဲ့ သူတွေဟာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အထဲ ပါနေတဲ့အခါ ဒီပြဿနာတွေက မဖြေရှင်းနိုင်ဘဲတစ်ဝဲလည်လည် ဖြစ်နေတယ်”ဟု ဒေါက်တာသောင်းထွန်းက လက်ရှိ မြန်မာနိုင်ငံအတွင်း လယ်ယာမြေပြဿနာများ ဖြေရှင်းနေမှု အခြေအနေ အား သုံးသပ်ပြောကြားခဲ့သည်။

ယနေ့ မေလ ၈ ရက်၊ ရန်ကုန်၊ ORCHID ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် မြေယာပေါ် လစီပြုပြင်ပြောင်း လဲရေး၊ အင်ဒိုနီးရှားနိုင်ငံ၏ မြေယာပေါ်လစီပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုမှ သင်ယူလေ့လာခြင်း ဆွေးနွေးပွဲ တွင် ဒေါက်တာသောင်းထွန်းက မီဒီယာမေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly