ရှဥ့်နှစ်ကောင်ကြောင့် ထရန်စဖော်မာလောင်မီးပြတ်တောက်မှုတွင် မှန်းထားသည်ထက် ပိုနောက်ကျပြီးမှ မီးပြန်ပေးနိုင်မည်

ရှဥ့်နှစ်ကောင်ကြောင့် ထရန်စဖော်မာလောင်မီးပြတ်တောက်မှုတွင် မှန်းထားသည်ထက် ပိုနောက်ကျပြီးမှ မီးပြန်ပေးနိုင်မည်

ရှဥ့်နှစ်ကောင်ကြောင့် ထရန်စဖော်မာအသစ်လဲနေရသည့် မကွေးမြို့ မကျည်းကန်ဓာတ်အားခွဲရုံသည် မူလခန့်မှန်းထားသည့် မေလ ၅ ရက်နေ့ထက် နောက်ကျပြီး ဓာတ်အားပေးနိုင်မည်ဖြစ်ကြောင်း မကွေးပင်မဓာတ်အားခွဲရုံမှ သိရသည်။

ဖြစ်စဉ်မှာ မကွေးမြို့ မကျည်းကန်ဓာတ်အားခွဲရုံတွင် ဧပြီလ ၃၀ ရက်နေ့က Single Fix ထရန်စဖော်မာပေါ်သို့  ရှဥ့်ပြုတ်ကျရာမှ ထရန်စဖော်မာလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်ဟု မကွေး ခွဲရုံမှူး ဦးဇော်ဖိုးလှိုင်က ပြောသည်။

လက်ရှိတွင် မကွေးမြို့  ၊ရေနံချောင်း၊မြင်ကွန်း၊မိကျောင်းရဲစသည့်ဒေသများ၌ ယနေ့ မေလ ရ ရက်နေ့ အထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေကာ အချိန်ပိုင်းဖြင့်  ဓာတ်အားပေးနေရကြောင်း သိရသည်။

လောင်ကျွမ်းသွားသည့် ထရန်စဖော်မာများ နေရာတွင် အစားထိုးတပ်ဆင်မည့်စက်များ မေလ ၄ ရက်နေ့တွင် ရောက်ရှိလာပြီဖြစ်သော်လည်း ယနေ့ မေလ  ရ ရက်နေ့အထိ လျှပ်စစ်ဓါတ်အား ပေးနိုင်ဖွယ်မရှိသေးကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်လည်ပေးနိုင်ရန်  စစ်ကိုင်းတိုင်းဒေသကြီး၊ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးပင်မဓါတ်အားခွဲရုံမှ 13.33 ထရန်စဖော်မာ ၃ လုံးနှင့် အရံ ၁လုုံး သယ်ယူခဲ့ကာ လျှပ်စစ်ဝန်ထမ်းများ နေ့ဆိုင်းညဆိုင်းများဖြင့် တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဦးဇော်ဖိုးလှိုင်က ပြောသည်။

"မေလ ၆ ရက်နေ့က ဆီထည့်ပြီးပါတယ်။ ဆီအတွင်း ရေခိုးရေငွေ့ ပါ၀င်မှုမရှိစေရေးအတွက် စစ်ဆေးနေဆဲပါ။ ဆီထည့်ပြီး နောက်၂၄ နာရီ စောင့်ဆိုင်းစစ်ဆေးပြီး အားလုံးအဆင်ပြေမယ်ဆို နောက်နေ့ နေပြည်တော်ဓာတ်အားပို့လွှတ်မှု  စစ်ဆေးရေးဌာနကနေ လာစစ်ဆေးပြီး ဓါတ်အားပို့လွှတ်ဖို့ အဆင်ပြေမယ်လို့ သတ်မှတ်ပြီးနောက် လျှပ်စစ်ဓါတ်အားလိုင်းပေါ်ကို ၁၂နာရီကြာ ပို့လွှတ်ထားရပါတယ်၊ ပြီးမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားနိုင်မှာပါ" ဟု ဦးဇော်ဖိုးလှိုင်က မဇ္ဈိမသို့ ပြောသည်။

မကွေးပင်မဓာတ်အားခွဲရုံတွင် ယခင်က 20 MVA ထရန်စဖော်မာ ၃ လုံးဖြင့် စုစုပေါင်း 60 MVAမှ ဓာတ်အား ပို့လွှတ်ခဲ့ရာတွင် သုံးစွဲမှု  21MVA သာ ရှိခဲ့သည့်အတွက် ယခု 13.33MVA ၃လုံး စုစုပေါင်း 39.99MVA သာ ရှိသော်လည်း ယခင်ကကဲ့သို့ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မည်ဖြစ်သည်။ ထို့ပြင် အရန်ထရန်စဖော်မာ 13.33MVA ၁ လုံးအား အရန်သင့် ထားရှိထားကြောင်း မကွေးပင်မဓာတ်အားခွဲရုံမှ သိရသည်။

မကွေး မကျည်းကန်ဓာတ်အားခွဲရုံမှ ထရန်စဖော်မာလောင်ကျွမ်းမှုကြောင့် မကွေးမြို့နှင့် ရေနံချောင်းမြို့တို့အား အုပ်စုလေးစုခွဲ၍  ၆ နာရီစီ အလှည့်ကျ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးခဲ့ရာမှ လက်ရှိတွင် ၃ နာရီစီ အလှည့်ကျပေးနေရကြောင်း၊ သောက်သုံးရေ အခက်အခဲများ ရှိနေကြောင်း သိရသည်။

ဧပြီလ ၁၇ ရက်က ပြောကြားသော နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် လာမည့် ၃ နှစ်အတွင်း လျှပ်စစ်ပမာဏ နှစ်ဆတိုးမြှင့်ထုတ်သွားမည်ဖြစ်ပြီး ဓာတ်အားလိုင်းကို တိုးချဲ့ဖြန့်ဖြူးပေးမည်ဟု ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly