ကြိုတင်မဲ နောက်တင်မဲ

.

ကျွန်တော်ဆိုတဲ့ ငမိုးညိုမြက လူကသာ ဘာမှမဟုတ်တာ “ မဲရုံမှူး” လေးခါတိတိ လုပ်ဖူးတယ်။ ‘မဲရုံကို သွားကြစို့’ ဆိုတဲ့ သီချင်းနဲ့ နိုင်ငံကျော်သွားတဲ့ ‘အောင်ကိုလတ်’ အခု ‘ဂျေးမီ’ ရဲ့မွေးသဖခင် အဆိုကျော် ဒါရိုက်တာကြီးကို ၁၉၇၃ ခုနှစ်မှာ လူလားမြောက်နေသူတိုင်း မှတ်မိကြမှာပါ။

၁၉၇၄ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို အဲ့သည့်နှစ် လွတ်လပ်ရေးနေ့မတိုင်ခင် ဇန်နဝါရီလ ၃ ရက်မှာ အတည်ပြု ပြဋ္ဌာန်းပါတယ်။ ၁၉၇၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်ကနေ ၃၁ ရက် နေ့ အထိပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး ကျင်းပပြီး ပြည်သူ့ ထောက်ခံမဲ ၉၀ ဒသမ ၁၉ ရာခိုင်နှုန်းနဲ့ အောင်မြင်စွာ အတည်ဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းက ပါတီကလပ်စည်းခေါင်းဆောင်၊ ရပ်ကွက်ရဲ့ ကြည်ညိုလေးစားမှု ခံရတဲ့ ငမိုးညိုမြတို့ တိုက်ပုံ မချွတ်တမ်း ဝတ်တတ်သမို့ “မဲရုံမှူး” တွေ ဘာတွေ ဖြစ်ခဲ့ဖူးပါရဲ့။ ပထမဦးဆုံး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနဲ့ နောက်ပိုင်း ပြည်သူ့ကောင်စီကိုယ်စားလှယ် အဆင့်ဆင့် ရွေးချယ်ပွဲ တွေမှာပေါ့ခင်ဗျာ။  

လည်ကတုံး ရှပ်အင်္ကျီအဖြူ၊ အပေါ်က တိုက်ပုံ ထပ်ဝတ်ပြီး ရုံးတက်ရုံးဆင်း လုပ်နေတဲ့ အငယ်တန်းစာရေး ငမိုးညိုမြကို ဒူးရင်းသီး ဖိနပ်လုပ်ငန်းပိုင်ရှင် ဦးဘရီက အတော် ချစ်ရှာတယ်။

“ဟေ့ကောင် လာစမ်းပါဦး”

“ဟုတ်ကဲ့ခင်ဗျာ”

“နေစမ်းပါဦး၊ မင်းက အခု ဘာဖြစ်နေလဲ” ဘာ အလုပ်လုပ်ပြီး ဘာ ရာထူးအဆင့်အတန်း ရောက်နေသလဲ မေးတာပါ။

“ကျွန်တော် ပါတီဌာနချုပ်မှာ အငယ်တန်းစာရေး ဝင်လုပ်နေပါတယ် ခင်ဗျာ”

“ဟေ…အောက်တန်း စာရေးပေါ့”

“ဟုတ်ကဲ့”

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဝန်ထမ်းတွေကို ဝန်ကြီးဌာနတွေမှာ ခေါ်တဲ့ အောက်တန်း စာရေး၊ အထက်တန်းစာရေး၊ စာရေးကြီးမခေါ်ဘဲ အငယ်တန်းစာရေး၊ အကြီးတန်းစာရေး လို့ပြောင်းခေါ်ပါ တယ်။ ပြာတာ၊ မင်းစေလို့ မခေါ်ပါ၊ ရုံးအကူတဲ့။ သန့်ရှင်းရေး ဝန်ထမ်းတဲ့။ နားခံသာတာပေါ့ ခင်ဗျာ။ ခိုင်းလို့ ကောင်းတာပေါ့လေ။

“ အော်…..ငါက မင်းငယ်ငယ်က ဆိုးသွမ်းလွန်းလို့ ဒီကောင်ကြီးရင် လူဆိုး သူခိုး သင်္ဘောသား ဖြစ်မှာပဲ ထင်ထားတာ။ ခုတော့ မင်းက လူလူသူသူ ဖြစ်နေပြီကိုး” တဲ့။ ကောင်းရော၊ အဲသည်လောက် ငမိုးညိုမြကို အထင်ကြီးရှာတာပေါ့ ခင်ဗျာ။ စကားမစပ် သူက သင်္ဘောသား ဖြစ်မယ်လို့ ဘာကြောင့်ထင်သလဲ ပြောပြရဦးမယ်။

ကျွန်တော့်အမေရဲ့ အစ်ကို ကျွန်တော့်ဘကြီးက ကျွန်တော် ကလေးဘဝ ဆော့ကောင်းတုန်း အရွယ်မှာ ဆိုက်ကားနင်းတယ်၊ လူရိုက်တယ်။ လူရိုက်တယ်ဆိုတာ ပိုက်ဆံယူပြီးရိုက်တာ။ ဘကြီးကိုခေါ်ပြီး ဟိုလူကို ရိုက်ပေးစမ်းပါ ဆိုပြီး ညှိလာပြီ ဆိုပါစို့။ ဘကြီးက မေးမယ်၊ တစ်လက်မလား၊ နှစ်လက်မလား၊ အသေအကြေလား။

တော်ပါပြီ၊ နှစ်လက်မလောက်ပါပဲဆိုရင် ကျသင့်ငွေ တောင်းပါတယ်။ အဲဒီတုန်းက ခေါင်း တစ်လက်မ ကွဲအောင် ရိုက်ရင် ဘယ်လောက်၊ နှစ်လက်မ ကွဲအောင်ဆို ဘယ်၍ ဘယ်မျှ ဆိုပြီး နှုန်းထားတွေ သတ်မှတ်ထားပါတယ်။ စနစ်တကျပါ၊ ပြေစာ ပေးမပေးတော့ မသိပါဘူး။ ပေးမှာလည်း မဟုတ်ပါဘူး။ လူမိုက်အလုပ် ဆိုပေမယ့် Gentleman Agreement ပေါ့ဗျာ။ ဘာတဲ့ လူကြီးလူကောင်း သဘော တူညီချက် ဆိုရမလား၊ အဟက်...ဟက်… လူဆိုးလူမိုက်အလုပ်နဲ့တော့ ကိုက်နေတာပဲ။

ဘကြီးတို့ လက်ဆကလည်း မှန်ပါ့ဗျာ၊ တစ်လက်မဆို တစ်လက်မ၊ နှစ်လက်မဆို နှစ်လက်မပဲ၊ မပိုမလို ကွက်တိ။ လူရိုက်တော်တဲ့ ဘကြီးက သူ့မိန်းမနဲ့ ကျတော့ ဘိုလို ဖြစ်တယ်…အဲ… ဘယ်လိုဖြစ် တယ်မသိ၊ အိမ်ထောင်ရေး အဆင်မပြေလို့ ဆိုပြီး ရန်ကုန်ဆိပ်ကမ်းမှာ ကုန်လာတင်နေတဲ့ နိုင်ငံခြား ပင်လယ်ကူး သင်္ဘော တစ်စင်းပေါ် တက်ပြီး သင်္ဘောလိုက်သွား၊ အဲ…သင်္ဘောသား လုပ်သွား တယ်ပေါ့ခင်ဗျာ။

ဟုတ်ပါ့မလား မောင်မိုးညိုမြရယ်လို့ မေးချင်နေပလား။ ဟုတ်လိုက်သမှ `ဟုတ်’ ‘ဟုတ်’ `ဟုတ်’ ‘ဟုတ်’ နဲ့တောင် မြည်နေသေးတယ်။ အဲသည်တုန်းက သင်္ဘောသားဆိုတာ လူမိုက်မှ လုပ်တာ၊ မမိုက်လို့ လည်း မရဘူး။ သင်္ဘောပေါ်မှာ နိုင်ငံခြားသားကောင်တွေနဲ့ ယှဉ်ပြီး မိုက်ရဲမှ ရတာလေ။ သူ မရိုက်ခင် ကိုယ်က ဦးအောင်ရိုက်ပဲ၊ သေပြီဆိုလည်း ပင်လယ်ထဲ ကန်ချလိုက်ရုံပဲ။

သင်္ဘောတက်တယ် ဆိုတာလည်း သင်္ဘောသားလက်မှတ် စီဒီစီတွေ၊ ပတ်စ်ပို့တွေ၊ ဗီဇာ လျှောက်ရတာတွေ ဘာမှ မလိုဘူး။ ဒီအတိုင်း သင်္ဘောပေါ် တက်သွားရုံပဲ။ ကျွန်တော်တို့အရပ်ထဲမှာ မူးယစ်ဆိုး မိုက်နေတဲ့ ကိုနက်ကြီးတို့၊ သူ့ အပေါင်းအသင်းတို့လည်း လူရိုက် လူသတ်ပြီး သင်္ဘောတက်သွားကြတာပဲ။ သည်တော့ ဆိုးသွမ်းလူငယ် ငမိုးညိုမြကိုလည်း သင်္ဘောသားဖြစ်မယ် ထင်တာ မဆန်းပါဘူး လေ။

ကဲ….မဲရုံဘက် ဆက်ရအောင်။

အဲသည်အခါက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ တစ်ပါတီပဲ ရှိပါတယ်။ ပါတီက လျာထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေကို ကြိုက်တယ် မကြိုက်ဘူး ရွေးချယ် မဲပေးရတာမျိုးပါပဲ။ ထောက်ခံမဲ၊ ကန့်ကွက်မဲ ဆိုပြီး အမှန်အမှား ခြစ်တာပေါ့လေ။

ဒါပေမယ့် ကြိုတင်မဲ ဆိုတာတော့ ရှိပါတယ်။ ခရီးသွားစရာရှိလို့ မဲပေးရက်မှာ မိမိက နေရင်း အရပ်မှာ မရှိနိုင်ဘူး ဆိုပါစို့၊ ကြိုတင်မဲ ထည့်သွားလို့ ရပါတယ်။ ကျေးရွာ၊ ရပ်ကွက်ပြည်သူ့ ကိုယ်စားလှယ်ရွေး ချယ်ပွဲတွေကို ကြီးကြပ်ရတဲ့ ကော်မတီရုံးဆိုတာ ရှိပါတယ်။ အဲသည်ကိုသွားပြီး ကြိုတင်မဲ ထည့်လိုကြောင်း ပြောရပါတယ်။

ကော်မတီရုံးက မဲစာရင်းမှာ ကိုယ့်အမည်ကို ရှာပါမယ်၊ အမည်တွေ့ပြီဆိုမှ မှတ်ပုံတင်တွေ ဘာတွေနဲ့ တိုက်ဆိုင်စစ်ဆေးပါလိမ့်မယ်။ မှန်နေပါပြီဆိုရင် မဲပေးရမယ့်စာရွက် ထုတ်ပေးပါလိမ့်မယ်။

ကိုယ် အမှန် အမှား ခြစ်တာကို သူများ မမြင်နိုင်တဲ့ တစ်နေရာရာ သွားပြီး အမှား အမှန် ကြိုက်တာ ခြစ် လိုက်နိုင်ပါတယ်။ ပယ်မဲ ဖြစ်စေမယ့် အရာတွေ ကိုယ်က မလုပ်မိဖို့ပဲ ဆင်ခြင်ရ ပါတယ်။

အမှန် အမှား ခြစ်ပြီးပြီဆိုရင် စာရွက်နဲ့တပါတည်း ပေးထားတဲ့စာအိတ်ထဲ ခေါက်ထည့်ပြီး ဆရာတွေ လက်ထဲ ပြန်အပ်ရပါတယ်။ ဆရာတွေက ကိုယ့်ရှေ့မှာတင် ချိပ်တောင့်နဲ့ စာအိတ်ကို ချိပ်ပိတ်ပါတယ်။ ပြီးရင် သိမ်းထားလိုက်ပါတယ်။

မဲပေးတဲ့နေ့ ရောက်ပါပြီ။ ကော်မရှင်ရုံးက တာဝန်ရှိသူတွေက မဲရုံတွေခွဲပြီး တာဝန်ယူကြ ပါတယ်။ ကိုယ့် ရပ်ကွက်ထဲမှာ မဲရုံ ၆ ရုံ ရှိတယ်ဆိုရင် ၆ ဖွဲ့ ခွဲပြီး သက်ဆိုင်ရာမဲရုံမှာ ကြိုတင်ပေး ထားခဲ့တဲ့ ကြိုတင် မဲစာအိတ်တွေကို မဲရုံအသီးသီးသွားပြီး မဲရုံမှူးလက်ထဲ အပ်ရပါတယ်။

မဲရုံက မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်တယ် ဆိုပါစို့။ မဲရုံမဖွင့်ခင် အဲသည့် ပုဂ္ဂိုလ်တွေက မဲရုံ ရှိရာ အရောက်သွားပြီး မဲရုံမှူးဆီမှာ မဲစာရင်းနှင့်တကွ ကြိုတင်မဲတွေကို အပ်ရ ပါတယ်။ မဲရုံမှူးက စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မဲပေးပြီးသူများအဖြစ် မဲစာရင်းမှာ အမှတ် ခြစ်ပြီး မပြီး၊ ချိပ်ပိတ်ထားတာ လက်ရာပျက် မပျက် စသည်ဖြင့် စစ်ဆေးပြီး ယူထားလိုက်ပါတယ်။

တကယ်တော့ မဲပုံးတွေထဲ ထည့်ထားလိုက်တာပါပဲ။

ကဲ….မနက် ၆ နာရီထိုးပြီ၊ မဲ လာပေးကြပြီ။ ပေးကြ၊ ပေးကြ၊ အသည်းကြားက မဲတစ်ပြား ပေးကြပေါ့လေ။ သည်လိုနဲ့ မဲရုံ မပိတ်မီအထိ တဖွဲဖွဲ လာပေးနေကြတာပါပဲ။ တနင်္ဂနွေလို ရုံးပိတ်ရက်မျိုးမှာ စီစဉ်ထားတာမို့ တစ်နေ့လုံး ကြိုက်တဲ့အချိန် လာပေးကြပါ တယ်။ မနက်ပိုင်း ညနေပိုင်းလေးပဲ လူ ကျတာပါ။ ကျန်တဲ့အချိန် အေးဆေးပါပဲ။

အဲ…..စေတနာရှင်တစ်ဦးက သူ့အိမ်က ပါနာဆိုးနစ် ရေဒီယိုကက်ဆက် အသစ်ကျပ်ချွတ်ကြီး လာထားပြီး ဖွင့်ပေးရှာပါတယ်။ မဲရုံက တာဝန်ရှိသူတွေ မပျင်းရအောင်လို့တဲ့။ မဲရုံက ပိတ်ချိန် နီးပြီ။ မဲစာရင်းမှာ မဲထည့်ရဦးမယ့် သူတွေ ကျန်နေသေးတယ်။ သည်လူတွေ အသည်းကြား က မဲတစ်ပြား ပေးပိုင်ခွင့် မဆုံးရှုံးစေချင်တာမို့ မဲရုံမှူးတို့ မျှော်ရပြီ။

အဲသည်အချိန်က ခေတ်စားတဲ့ ကိုင်ဇာရဲ့ သီချင်းက ကက်ဆက်က လာနေတယ်။ ဘာတဲ့… “သူ လာ လာ လာ…..မလာ လာ လာ….ကိုယ်က စောင့်ရမှာ။ ဂျူတီချိန်ဟာ ဂျူတီပါ….ဝတ္တရား မပျက်ဖို့သာ ….”တဲ့။ ကောင်းရော၊ မဲရုံမှူး ငမိုးညိုမြအတွက် ဇဘယ်ရှယ်…အဲ…စပယ်ရှယ် စပ်ဆိုထားသလား မှတ်ရတယ်။

ကဲ….မဲရုံပိတ်ချိန် ရောက်ပါပြီ၊ မဲရုံတံခါး ပိတ်တော့။ မဲ ရေတွက်ရတော့မယ်လေ။ မဲရုံတံခါး ပိတ်ပြီးလို့ ကတော့ ကမန်းကတန်း မဲမပေးရသေးလို့ဆိုပြီး လာပေးဖို့ မကြိုးစားနဲ့။ ဆောရီးပဲ… အဲ…ဝမ်းနည်း ပါတယ်ခင်ဗျပဲ။

အဲသည်အချိန်မှာ ရွေးချယ်ပွဲတွေကို ကြီးကြပ်ရတဲ့ ဗဟိုကော်မတီက ဥက္ကဋ္ဌကြီးကိုယ်တိုင် ကြွလာပြီး ကြိုတင်မဲ ကျန်သွားလို့ဗျာ၊ ရော့….ဒါလေး ထည့်ရေတွက်ပေးပါဆိုပြီး လာပေးဦးတော့ …ရပ်ကွက် အဆင့်မှာတောင် မဲရုံခွဲလေး တစ်ရုံရဲ့ မဲရုံမှူး ငမိုးညိုမြမှာ ငြင်းပိုင်ခွင့် ရှိတယ်။

စိတ်မကောင်းပါဘူး။ ကြိုတင်မဲက မဲရုံ မဖွင့်မီ မဲရုံမှူးထံ အပ်ရတာပါ။ မဲရုံပိတ်မှ လာပေး လို့တော့ မရပါဘူး။ ငြင်းလိုက်မှာပဲ၊ မဲရုံမှူး ငမိုးညိုမြမှာ အဲသလောက် လျှာနာ ခွာနာ အဲလေ… အာဏာပါဝါ ရှိပါတယ်။

ကျန်တာတွေ မပြောတော့ပါဘူး။ အဲ…မပြောတော့ပါဘူး ဆိုပေမဲ့ တစ်ခုတော့ ပြောရဦးမယ်။ ငမိုးညိုမြ မဲရုံ က မဲရလဒ်ကို မဲရုံပိတ်ပြီး ၂ နာရီလောက်အတွင်းမှာ ပေးလိုက်နိုင်ပါတယ်။ မိုးတောင် မချုပ်စေ ရပါဘူး။

ခုတော့ဖြင့် ပါတီစုံမဲပေးပွဲပေမို့ မဲပေးရတာတွေ များလာတော့ မှန်ပါတယ်။ လူဦးရေ များ လာတာလည်း ရှိပါလိမ့်မယ်။ ငမိုးညိုမြ မဲရုံမှူးလုပ်တဲ့ ကာလကထက် အလုပ် ပိုလာကောင်း ပိုလာမှာပဲ။ ဒါပေမဲ့…ဒါပေမဲ့ပေါ့လေ….။

၂၀၁၀ ပြည့်နှစ် မဲပေးစဉ်က မဲရလဒ်ကို သိချင်တဲ့ ငမိုးညိုမြတစ်ယောက် တော်တော်နဲ့ အိပ်မပျော်နိုင်။ ည နာရီပြန် နှစ်ချက်ကျော်မှ အိမ်ပြန်လာတဲ့ မျက်စောင်းထိုးအိမ်က ရပ်ကွက်လူကြီးကို ရလဒ် မေးကြည့်မိပါတယ်။

“မဲက ရေလို့ မပြီးသေးဘူး၊ မနက်ကျမှ ထပ်ရေရမယ်ဆိုပြီး သိမ်းလိုက်လို့ ကျွန်တော်လည်း ပြန်လာတာ”တဲ့ လေ။ ဘယ့်နှာပါလိမ့်ပေါ့နော်။ မနက်ကျတော့ ကျန်တဲ့မဲတွေ ထပ်ရေတွက်ကြသတဲ့။ ဘယ်လို မဲတွေလဲတော့ ငမိုးညိုမြလည်း မသိတတ်လေ။ မဲရုံမဖွင့်ခင် ပေးရမယ့် ကြိုတင်မဲတွေ မေ့ပြီး မပေးလိုက်မိသမို့ မဲရုံပိတ်ပြီး နောက် တစ်နေ့ကျမှ ကမန်းကတန်း ပြင်ဆင်ထုပ်ပိုးပြီး သွားပေးကြလေရော့ သလား၊ ဒါတော့ ကိုယ်မှ မသိ တာလေ။

ကြိုတင်မဲပါ ဆိုနေမှတော့ နောက်တင်မဲမှ မဟုတ်တာနော။ နောက်ကျမှ ထပ်မရောက်တန် ကောင်းပါဘူး ထင်ပါရဲ့၊ ထင်တာပါပဲ၊ ထင်မိပါတယ်လေ။

Tags: