ကျွန်တော် မသေသေးပါဘူး၊ သီချင်းတွေဆိုဦးမှာပါ ဆိုတဲ့ အဆိုတော် စိုင်းဆိုင်မောဝ်

ကျွန်တော် မသေသေးပါဘူး၊ သီချင်းတွေဆိုဦးမှာပါ ဆိုတဲ့ အဆိုတော် စိုင်းဆိုင်မောဝ်

စိုင်းဆိုင်မောဝ်က" ကျွန်တော် မသေသေးပါဘူး၊ သီချင်းတွေဆိုဦးမှာပါ"လို့ မဇ္ဈိမသတင်းဌာနနဲ့ မေလ ရ ရက် ညနေပိုင်းမှာ တွေ့ဆုံစဉ် ပြောပါတယ်။

လက်ရှိအနေအထားမှာ စိုင်းဆိုင်မောဝ်ကွယ်လွန်ပြီဆို တဲ့သတင်းတွေ ပျံ့နှံ့နေပါတယ်။ ဒီသတင်းတွေအပေါ်မှာ စိုင်းဆိုင်မောဝ်က ကောလဟာလတွေကိုငြင်းဆိုရင်း" နေကောင်းလာတာနဲ့ သီချင်းတွေ အများကြီး ဆက်ဆိုသွားမှာပါ" လို့ ပြောပါတယ်။

စိုင်းဆိုင်မော့ဝ်ဟာ မြန်မာစတူဒီယို ခေတ်ဦးလောကမှာ အထူးထင်ရှားခဲ့သူဖြစ်ပြီး သူ့ရဲ့ သီချင်းတွေဟာ ဒီကနေ့အထိ လူတွေရဲ့ပါးစပ်ဖျားမှာ အထူး ရေပန်းစားနေဆဲဖြစ်ပါတယ်။"မောင်ပေးတဲ့ အချစ် ပြန်ဆပ်ခဲ့ပါ" ဆိုတဲ့ သီချင်းလေးကို သီဆိုခဲ့တဲ့ ရှမ်း တိုင်းရင်းသားကြီး အဆိုတော် စိုင်းဆိုင်မောဝ် တစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကျန်းမာရေး မကောင်းခဲ့တဲ့ အတွက် ပရိသတ်တွေလည်း စိတ်ပူပန်ခဲ့ကြပါတယ်။

အခုအခါမှာတော့ အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ဘန်ကောက်ဆေးရုံကြီးမှာကျောက်ကပ်ရောဂါနဲ့ပတ်သက်ပြီး ခွဲစိတ်ကုသမှုတွေ ပြုလုပ်ခဲ့တာ ရာနှုန်းပြည့်အောင်မြင်ခဲ့ ပြီးတဲ့နောက် လက်ရှိတွင် ရန်ကုန်၊ အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်က သူ့ ရဲ့ အိမ်ကလေးမှာ အနားယူနေပါတယ်။

ဘန်ကောက်ဆေးရုံ ကြီးကို ဧပြီလ ၁၄ ရက်မှာ သွားရောက် ဆေးကုသမှု ခံယူခဲ့တာဖြစ်ပြီး အာရုံကြောထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ဧပြီလ ၂၆ ရက်နေ့မှာ ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး ဧပြီလ ၂၉ ရက်နေ့က မြန်မာပြည် ပြန်ရောက်ခဲ့ပါတယ်။

သူ့အနေနဲ့ လာမယ့် ဇွန်လ ၁၀ ရက် နေ့မှာ ဘန်ကောက်ကို ပြန်သွားရမှာ ဖြစ်ပြီး ဆက်လက်ပြသရဦးမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly