ရခိုင်မြောက်ပိုင်းဒေသ မြိုကျေးရွာအချို့ သောက်သုံးရေ ရှားပါးမှု ဖြစ်ပေါ်နေ

ရခိုင်မြောက်ပိုင်းဒေသ မြိုကျေးရွာအချို့ သောက်သုံးရေ ရှားပါးမှု ဖြစ်ပေါ်နေ
ပုဏ္ဏားကျွန်းမြို့နယ် ဂန့်ဂါကျေးရွာတွင် ပြီးခဲ့သည့် နှစ်က ရေရှားပါးမှုကြောင့် ကျေးရွာသားများ ရေကန်တူးနေကြစဉ်(ဓာတ်ပုံ- CJ/RiA)

 

မောင်တော၊ မေလ ရ ရက်။          ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြိုလူမျိုးတွေ နေထိုင်တဲ့ ကိုင်းကြီး မြိုကျေးရွာနဲ့ ရွှေဗဟိုရ် မြိုကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဧပြီလ မကုန်ခင်ကတည်းက သောက်သုံးရေ ရှားပါးမှု အခက်ခဲတွေ ဖြစ်ပေါ်နေတာလို့ ကိုင်းကြီး ကျေးရွာ ဒေသခံတွေက ပြောပါတယ်။

အဲဒီကျေးရွာတွေ လောလောဆယ် သောက်ရေအဆင်ပြေစေဖို့ ကိုင်းကြီး မြိုကျေးရွာနဲ့ အနည်းငယ် အလှမ်းကွာဝေးတဲ့ တောင်ရင်းတန်းအောက်မှာ သောက်ရေတွင်း တစ်တွင်းတူးဖော်ပြီး သောက်သုံးနေကြ ပေမယ့် လုံလောက်မှု မရှိဘူးလို့ ကိုင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းချိုက ပြောပါတယ်။

“အခုကိုင်းကြီး မြိုရွာက သောက်သုံးရေ အရမ်းရှားပါးနေပါတယ်။ လောလောဆယ် ကျွန်တော်တို့မှာက တောင်ရင်းမှာ တွင်းငယ်တစ်တွင်းတူးပြီး သောက်နေကြတယ်။ သုံးရေကိုတော့ ရတဲ့ရေကို ဖြစ်သလို သုံးနေကြတယ်။ ရေလာလှူတာ တော့ ရှိတယ်။ ရေသန့်တစ်ဘူးကို တစ်အိမ်ပဲ ပေးတော့ တစ်နေ့မှာ တစ်ဘူး လိုနေတာကို။ ကိုင်းကြီး ရခိုင်ရွာတော့ ရေမရှားပါဘူး။” ဟု ဆိုသည်။

သောက်သုံးရေ လာရောက်လှူဒါန်းတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက တစ်အိမ်ကို ရေတစ်ဘူးကျ လာရောက် လှူဒါန်းခဲ့ပေမယ့် တစ်နေ့တာလောက်ပဲ အဆင်ပြေတာကြောင့် လက်ညှစ်အဝီစိရေတွင်းတွေ တူးဖော် ပေးစေချင်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းချိုက ဆိုပါတယ်။

အခုရေရှားပါးမှုဖြစ်ပေါ်နေတဲ့ ကိုင်းကြီး မြိုကျေးရွာဟာ ယခင်က တောစပ်ချောင်းဖျားအနီးမှာ နေထိုင်ခဲ့တဲ့ ကျေးရွာဖြစ်ပြီး သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုအပြီး လုံခြံုရေး အခြေနေအရ လက်ရှိမှာ အစိုးရက ကိုင်းကြီး ရခိုင်ကျေးရွားအနီး ကားလမ်းမဘေးကို ရွွှေ့ပြောင်းပေးခဲ့တာဖြစ်ပြီး ရွှေဗဟိုရ် မြိုကျေးရွာနဲ့ ပေါင်းရင် အိမ်ခြေ ၁၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

အဲဒီကျေးရွာတွေဟာ ရွှေ့ပြောင်းလာကာစ ကျေးရွာအသစ်တွေဖြစ်တာကြောင့် ရေရှားပါးနေတာဖြစ်ပြီး ရေတွင်းနဲ့ လက်ညှစ် အဝီစိရေတွင်းတွေ တူးဖော်ပေးထားမယ်ဆိုရင်တော့ နောက်ရေရှားပါးမှု ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ဦးမောင်သန်းချိုက ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly