ကွမ်းစားသုံးသူ ၆၂ ရာခိုင်နှုန်း ကွမ်းစားသုံးခြင်း ဖြတ်တောက်နိုင်ရန် လှုံဆော်ပေးနိုင်ခဲ့ဟု ဆို

ကွမ်းစားသုံးသူ ၆၂ ရာခိုင်နှုန်း ကွမ်းစားသုံးခြင်း ဖြတ်တောက်နိုင်ရန် လှုံဆော်ပေးနိုင်ခဲ့ဟု ဆို

မေ ရ။                             ။ မြန်မာနိုင်ငံတွင် ကွမ်းယာနှင့် ဆေးရွက်ကြီးစားသုံးမှုတိုက်ဖျက်ရေးလှုပ်ရှားမှုမှတစ်ဆင့် ကွမ်းစားသုံးသူ ၆၂ ရာခိုင်နှုန်းခန့်ကို ကွမ်းစားသုံးခြင်း ဖြတ်နိုင်ရန် လှုံဆော်ပေးနိုင်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေရှင်း ဥက္ကဋ္ဌ ဦးသန်းစိန်က ပြောသည်။

၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သော ကွမ်းယာနှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ လူထုလှု့ံဆော်ပညာပေး ကမ်ပိန်း ပြည်သူအပေါ်အကျိုးသက်ရောက်မှု ရှိ မရှိ စစ်တမ်းကောက်ယူချက်များ၏ ရလဒ်များ မီဒီယာသို့တင်ပြခြင်း အခမ်းအနားကို ပြည်သူ့ကျန်းမာရေး ဖောင်ဒေရှင်းရုံးချုပ်တွင် မေလ ရ ရက်က ပြုလုပ်ခဲ့ပြီး ရလဒ်များ ကောင်းမွန်ခဲ့ကြောင်း လူထုကျန်းမာရေးဖောင်ဒေရှင်းဥက္ကဋ္ဌက ပြောသည်။

“တစ်ဝက်လောက်က ဒီလှုပ်ရှားမှုကြီးကို သေချာမှတ်မိတယ်။ ၉၀ ရာခိုင်နှုန်းလောက်က ဒီလှုပ်ရှားမှုမှာ ပါတဲ့ လှုံ့ဆော်မှုတွေက သူတို့ကို သေချာသုံးသပ်စေခဲ့တယ်။ ၈၇ ရာခိုင်နှုန်းကျော်လောက် ကွမ်းစားသူတွေက ဆေးရွက်ကြီးက ကျန်းမာရေးကို ဘယ်လိုထိခိုက်စေတယ်ဆိုတာ လှုပ်ရှားမှုကတစ် ဆင့်သိခဲ့ရပြီး စိုးရိမ်စိတ်ရှိခဲ့တယ်လို့ အင်တာဗျူးမှာဖြေခဲ့တယ်" ဟု ဦးသန်းစိန်က ပြောသည်။

မြန်မာနိုင်ငံတွင် ကွမ်းယာနှင့် ဆေးရွက်ကြီးစားသုံးမှု တိုက်ဖျက်ရေးလှုပ်ရှားမှုကို ပထမဆုံးအကြိမ်အဖြစ် ၂၀၁၇ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် လုပ်ဆောင်ခဲ့ပြီး လှုပ်ရှားမှုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကြီးမှူး၍ People's Health Foundation မှ ပံပိုးကူညီခဲ့ကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာ နှစ်စဉ်လူပေါင်း ၆သောင်းလောက် ကွမ်းနဲ့ဆေးရွက်ကြီးကြောင့် သေဆုံးနေရပါတယ်။ ကျွန်တော်တို့ အတူတူ လက်တွဲပြီး ဒီလိုသေဆုံးမှုနှုန်းတွေ နည်းသွားအောင် လုပ်လို့ရပါတယ်" ဟု ဦးသန်းစိန်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် အသက် ၂၅မှ ၆၀ နှစ်အတွင်း ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများသုံးစွဲသူ ကျား၊ မ စုစု ပေါင်း ၄၃.၂ ရာခိုင်နှုန်းရှိပြီး အမျိုးသားများမှာ ၆၂.၂ ရာခိုင်နှုန်းနှင့် အမျိုးသမီးများ ၂၄.၁ ရာခိုင်နှုန်း ရှိကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကွမ်းနှင့် ဆေးရွက်ကြီးစားသုံမှုလျော့ကျရေးလှုပ်ရှားမှုကို ဆက်လက်၍ ၂၀၁၈ နှစ်လယ်ပိုင်းတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ နောက်ထပ်လှုပ်ရှားမှုအဖြစ် ပြန်ကြားရေးနှင့်သတင်းအချက်အလက်ဝန်ကြီးဌာန ရုပ်မြင်သံကြား၊ ရေဒီယိုများမှ တစ်ဆင့် ပညာပေးအစီစဉ်များထုတ်လွင့်နိုင်အောင် အကူအညီများ ထပ်မံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly