ပြန်လည်လက်ခံနိုင်မည့် လူဦးရေ ၁,၁၀၀စာရင်း ဘင်္ဂလားဒေ့ရှ်သို့ ပေးပို့ထားဟု မြန်မာအစိုးရပြော

ပြန်လည်လက်ခံနိုင်မည့် လူဦးရေ ၁,၁၀၀စာရင်း ဘင်္ဂလားဒေ့ရှ်သို့ ပေးပို့ထားဟု မြန်မာအစိုးရပြော
(ဓာတ်ပုံ- အီးပီအေ)

နေပြည်တော်(မေလ ရရက်၊ ၂၀၁၈ခုနှစ်)။ ။ မြန်မာနိုင်ငံဘက်မှ ပြန်လည်လက်ခံနိုင်မည့် လူဦးရေ ၁,၁၀၀ ကျော် စာရင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပေးပို့ထားသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့ထားသော လူဦးရေ ၈,၀၀၀ကျော်အနက် မြန်မာနိုင်ငံတွင် အမှန်တကယ်နေထိုင်ခဲ့ခြင်း ရှိ၊ မရှိ စိစစ်ပြီးနောက် ပြန်လည်လက်ခံနိုင်မည့် လူ ၁,၁၀၀ကျော်စာရင်းကို မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပြန်လည်ပေးပို့ထားခြင်း ဖြစ်သည်။

“အခုအချိန်ထိတော့ လူအင်အား ၁,၁၀၀ လောက် စာရင်းရရှိပြီးတော့မှ နိုင်ငံခြားရေးကတဆင့် တဖက်နိုင်ငံကို ပို့ပြီး ဖြစ်ပါတယ်။ ဒီဘက်ကတော့ အဲ့လူတွေကို အချိန်မရွေး လက်ခံလို့ ရပါပြီ” ဟု ဝန်ကြီး ဦးသိန်းဆွေက သတင်းထောက်များကို ပြောသည်။

အဆိုပါ ပြန်လည်လက်ခံရေးကိစ္စ ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဘက်က လုပ်ငန်းအဖွဲ့(Working Group) ကိုယ်စားလှယ်များက ယခုလ ဒုတိယပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ကာ ဆွေးနွေး၊ ညှိနှိုင်းမှုများ ပြုလုပ်သွားမည်လည်း ဖြစ်သည်။

“နိုင်ငံတော််အနေနဲ့ လက်ခံထားတာကတော့ ဒီကိစ္စသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ အောင်မြင်မှသာ၊ နှစ်နိုင်ငံ ပူးပေါင်းဆာင်ရွက်မှုတွေ လုပ်ဆောင်နိုင်မှသာ အဆင်ပြေချောမောမယ်လို့ ယုံကြည်တဲ့အတွက် အဲ့ဒီအတိုင်းပဲ ဌာနဆိုင်ရာအသီးသီးအနေနဲ့ ဆောင်ရွက်နေပါတယ်” ဟု ဦးသိန်းဆွေက ဆိုသည်။

မြန်မာနိုင်ငံသို့ ပြန်လာမည့်သူများသည် ၁၉၉၃ခုနှစ် သဘောတူညီချက်အရ မိမိနေထိုင်ခဲ့သည့် ကျေးရွာ၊ မှတ်ပုံတင်နံပါတ်၊ မိဘအမည်နှင့် မိမိသဘောဆန္ဒဖြင့် ပြန်လာလိုကြောင်း အချက်အလက်များကို ဖြည့်စွက်ကာ လက်မှတ်ရေးထိုးရမည် ဖြစ်သည်။

၂၀၁၇ခုနှစ်၊ ဩဂုတ်လအတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသူ ခြောက်သိန်းကျော်ရှိသည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်က ထုတ်ဖော် ပြောဆိုထားသည်။

မြန်မာအစိုးရကမူ အဆိုပါ အရေအတွက်နှင့်ပတ်သက်ပြီး ထုတ်ပြောထားခြင်းမပြုဘဲ မြန်မာနိုင်ငံတွင် အမှန်တကယ် နေထိုင်ခဲ့သူများ ဟုတ်၊ မဟုတ် ဥပဒေနှင့်အညီ စိစစ် လက်ခံသွားမည်ဟု ပြောကြားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly