ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့်ပညာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးမှုများ ကျောက်မဲတွင် ပြုလုပ်

ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့်ပညာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးမှုများ ကျောက်မဲတွင် ပြုလုပ်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

 

ကျောက်မဲ၊ မေ ရ ။                ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ သာပိုင်ကျေးရွာနှင့်နန်ခွန်ကျေးရွာရှိ ရွာသူ၊ရွာသားများနှင့် ကျောင်းသူ၊ကျောင်းသားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့်ပညာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးမှုများကို မေလ ရ ရက်၊နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့နယ်မှ အာရှအလင်းရောင်ဆရာတော် ဦးစိန္တိတ ဦးဆောင်၍ ပြုလုပ်လျှက်ရှိသည်။

အဆိုပါအဖွဲ့တွင် အာရှအလင်းရောင် အခမဲ့ဆေးခန်းမှဒေါက်တာသူသူငြိမ်းအပါအဝင် ဆရာဝန် ၆ ဦး၊ သုခမေတ္တာမိဘမဲ့ကျောင်းမှ ဆရာဦးဘုန်းမြင့်အောင်၊အမျိုးသားစာပေဆုရှင် ဆရာမ ဒေါ်ယဉ်ယဉ်နု၊ ပညာရွှေစင် နေ့အထူးနှင့်ဘော်ဒါမှ ဆရာမ ဒေါ်တင်အေးနွှဲ့နှင့်ဗြဟ္မသုခပရဟိတ လူမှုကူညီရေးအသင်းမှ ဆရာဦးကျော်ဆန််းဝင်းတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ကျေးရွာအတွင်းရှိ ကျောင်းစာသင်ရန်အခက်အခဲဖြစ်နေသူများကို ဆက်လက်ပညာသင်ကြားခွင့်ရရှိစေရန် အာရှအလင်းရောင်နှင့်သုခမေတ္တာအခမဲ့ကျောင်းတို့တွင်ခေါ်ယူ၍ စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု အာရှအလင်းရောင် ဆရာတော်က မိန့်ကြားသည်။

"ကျောင်းသူ၊ကျောင်းသားတွေကို သီးသန့်ဆောင်တွေခွဲထားပြီး ပညာသင်ပေးသွားမယ်။သူတို့တွေရဲ့ ဘဝ တက်လမ်းအတွက်ပါ။ဒီမှာက လေးတန်းအောင်ရင် ဆက်မတက်ဖြစ်တော့ဘူး။ အခုဆက်တက်ဖြစ်အောင် ဘုန်းကြီးက ပ့ံပိုးပေးသွားမှာပါ။ဆရာ ဦးဘုန်းမြင့်အောင်ကတော့ ကျောင်းသားပဲ လက်သင့်ခံမှာပါ။" ဟု ဆရာတော်က မိန့်သည်။

ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွင် ပါဝင်သည့် ဒေါက်တာသူသူငြိမ်းက " ဒီမှာက သွေးတိုးတွေဘာတွေတော့ မတွေ့ရဘူး။ အများဆုံးတွေ့ရတာကတော့ ကလေးတွေက သန်ကြောင့် ထင်တယ်။ သွေးအားနည်းတာတွေ တွေ့ရတယ်။ ဗီတာမင်ချို့တဲ့တာတွေ တွေ့ရတယ်။ ကျန်းမာရေးအသိပညာပေးမှုတွေ လိုပါတယ်။"ဟု ပြောသည်။

ကျန်းမာရေးစောင့်ရှောက်မှုများနှင့်ပညာရေးထောက်ပ့ံပေးမှုအစီအစဉ်များကို ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ မြို့နယ်အတွင်းရှိ ပလောင်ရွာများကို နှစ်စဉ်ဆောင်ရွက်ပေးသွားမည်ဟု ဆရာတော်က မိန့်ကြားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly