တားမြစ်မှုများရှိနေသော်လည်း စစ်ဘေးသင့်ပြည်သူများအတွက် လှုပ်ရှားမှုများဆက်လက်ပြုလုပ်သွားမည်ဟု ဆို

တားမြစ်မှုများရှိနေသော်လည်း စစ်ဘေးသင့်ပြည်သူများအတွက် လှုပ်ရှားမှုများဆက်လက်ပြုလုပ်သွားမည်ဟု ဆို
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန် မေ ၆ ။            ။ သက်ဆိုင်ရာက တားမြစ်မှုများရှိနေသော်လည်း ကချင် ပြည်နယ်က စစ်ဘေးသင့်ပြည်သူများအတွက် ပြုလုပ်နေသည့်လှုပ်ရှားမှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု ဗကသများအဖွဲ့ချုပ်၏ ဗဟိုလုပ်ငန်းကော်မတီမှ ကိုဇေယျ က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ လှုပ်ရှားမှုကို လူ့ဘောင်သစ်လူငယ်နှင့် ဗကသ များအဖွဲ့ချုပ်မှ ကျောင်းသားများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မေလ ၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်၊ လမ်းမတော်မြို့နယ်၊ မော်တင်မှ စတင်ပြီး ဆူးလေဘုရား၊ ဗန္ဓုလပန်းခြံအထိ လမ်းလျှောက် ချီတက်ခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ရဲ တပ်ဖွဲ့က တားမြစ်မှုများရှိခဲ့သော်လည်း ယင်းအဖွဲ့သည် ဗီနိုင်း ပိုစတာများဖြင့် လမ်းလျှောက်ချီတက်ခဲ့သည်။

" ကျွန်တော်တို့ယူဆတာကတော့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ရန်ကုန်မှာရှိတဲ့ပြည်သူတွေက ငြိမ်း ငြိမ်းချမ်းချမ်းအလှူခံတာကို ခွင့်ပြုချက်ယူစရာမလိုဘူး၊ ဒုက္ခ ရောက်နေသူတွေကို လွတ်လွတ်လပ်လပ်ကူညီလို့ ရတယ်၊ ဒီလိုလုပ်တာဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ် လို့ ယူဆတဲ့အတွက် ကျွန်တော်တို့က ခွင့်ပြုချက်မယူတာ ဖြစ် တယ်၊ ဆက်လက်ပြီးလည်း ရန်ကုန်မှာ လှုပ်ရှားမှု ဆက် တိုက်ပြုလုပ်သွားဖို့ရှိတယ်" ဟု ဗကသများအဖွဲ့ချုပ်၏ ဗဟိုလုပ်ငန်းကော်မတီမှ ကိုဇေယျ က ပြောသည်။

ခွင့်ပြုချက်မယူဘဲ လှုပ်ရှားမှုပြုလုပ်ခဲ့သူများကို အထက်ကိုတင်ပြပြီး အရေးယူဆောင်ရွက်သွားမည်ဟု ရန်ကုန်၊ လမ်းမတော် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး မြင့်လွင်ဦးက ပြော သည်။

" ခွင့်ပြုချက်မယူဘဲ ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် ကျွန်တော်တို့က တားမြစ်တာပါ၊ အရေးယူမှုအပိုင်းကတော့ တားလို့မရတဲ့အပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက် သွားမှာပါ" ဟု လမ်းမတော်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး မြင့်လွင်ဦးက ပြောသည်။

အဆိုပါအဖွဲ့သည် ပြီးခဲ့သည့် မေလ ၄ ရက်နေ့ ညနေ ပိုင်း ကလည်း ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတော လမ်းနှင့် ဟံသာဝတီလမ်းဆုံမှ မြေ နီကုန်းမီးပွိုင့်အထိလှည့်လည်အလှူခံခဲ့ကြပြီး ရဲတပ်ဖွဲ့က တားမြစ်မှုများရှိခဲ့သည်။ ခွင့်ပြုချက်မယူဘဲ အလှူ ငွေကောက်ခံသည့်လှုပ်ရှားမှုပြုလုပ်ခဲ့သူများကို အထက်ကိုတင်ပြပြီး အရေးယူဆောင်ရွက်သွားမည်ဟုလည်း ရန်ကုန်၊ စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး အောင်လွင်က ပြောကြားထားသည်။

ယင်းအဖွဲ့သည် ရန်ကုန်မြို့ပေါ်တွင် ၄ ကြိမ်မြောက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်ပြီး ရရှိထားသည့် အလှူငွေများကို စစ်ဘေးသင့် ပြည်သူတွေဆီ သွားရောက်လှူဒါန်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

၂၀၁၁ခုနှစ် ဇွန်လက စပြီး KIA နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်လာခဲ့သည်မှာ (၈) နှစ်နီးပါးကြာမြင့်ခဲ့ပြီး ဖြစ်သည်။ ဧပြီလ ဒုတိယပတ် သင်္ကြန်ကာလအတွင်းက တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ပွဲတွင်း ပိတ်မိနေသည့် ပြည်သူများလည်း ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly