မေ ၆ ရန်ကုန် ။ ။ ဒီကနေ့ မေလ၅ ရက်နေ့၊နေ့လည်ပိုင်းက မော်ဒယ်သရုပ်ဆောင်များ ဖြစ်ကြတဲ့ စိုးရန်အောင်နဲ့ သက်သခင်တို့ ထိမ်းမြားမင်္ဂလာလက်ထပ်ပွဲကို ရန်ကုန်မြို့ Novotel ဟိုတယ်မှာကျင်းပခဲ့ပါတယ်။
စိုးရန်အောင်နဲ့ သက်သခင်တို့ဟာ ချစ်သူသက်တမ်း ၉နှစ်ကျော်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုအပြည့်နဲ့အိမ်ထောင်ရေး တည်ဆောက်ချင်လို့ပါလို့ ပြောပါတယ်။
" နှစ်ယောက်စလုံးက နှစ်တွေကြာလာတော့ နားလည်မှုအပြည့်နဲ့ယုံကြည်မှုတွေ ရှိလာကြတယ်၊ တစ်ယောက် ကို တစ်ယောက် အချစ်တွေ၊ယုံကြည်မှုတွေနဲ့ တည်ဆောက်ထားကြပါတယ်” လို့ သက်သခင်က ပြောပါတယ်။
စိုးရန်အောင်နဲ့သက်သခင်တို့ မင်္ဂလာပွဲကို အနုပညာမောင်နှမများလည်း တက်ရောက်ချီးမြှင့်ခဲ့ကြတာ တွေ့ရပါတယ်။ သရုပ်ဆောင် ရဝေအောင်က " စိုးရန်အောင်နဲ့သက်သခင် ယနေ့မှစ နှစ်တစ်ရာတိုင် သားတွေသမီးတွေနဲ့ပျော်ရွှင်တဲ့ဘဝ အိမ်ထောင်ရေးတစ်ခုကို တည်ထောင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ် "လို့ ပြောခဲ့ပြီး စန္ဒီမြင့်လွင်က " ဘဝကိုပျော်ရွှင်စွာနဲ့ အတူတူလက်တွဲနိုင်ပါစေ "လို့ ဆုတောင်းစကား ဆိုခဲ့ပါတယ်။
တစ်ကိုယ်တည်း အပျိုကြီးလို့ ပြောရမဲ့ အေးမြတ်သူကတော့ " အရမ်းကိုအချစ်ကြီးတဲ့ သတို့သမီးရဲ့ အချစ်ကြီးမှု ကို သတို့သားက သည်းခံပေးပါ၊ဒီလင်ဒီမယား တစ်ကယ်ကိုလိုက်ဖက်ပါတယ်၊သူတို့က ကြာလှပြီ၊ ပြောရမယ် ဆိုရင်တော့ နှစ်ယောက်စလုံးတစ်ကယ်ကို သစ္စာရှိတယ်လို့ပြောရမယ်ပေါ့။ စိုးရန်အောင်ကလည်း သက်သခင်ရဲ့ ချစ်မှု၊ ရစ်မှုပေါင်းများစွာကို ခံခဲ့ရတာပေါ့ ၊သက်သခင်ကလည်း စိုးရန်အောင်ကို အမြဲတမ်းစိတ်ပူပြီး ချစ်နေရတာ ပေါ့၊ တစ်ကယ့်ကို သူတို့နှစ်ယောက်က လိုက်ဖက်ပါတယ်။ ဒီလင်ဒီမယား ယနေ့မှစပြီး သားသား မီးမီးလေးတွေ အများကြီးနဲ့ အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်" လို့ မင်္ဂလာဆုတောင်း စကား ပြောခဲ့ပါတယ်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ စေ့စပ်ကြောင်းလမ်း မင်္ဂလာပွဲပြုလုပ်ခဲ့ကြပြီး မင်္ဂလာဦးဆွမ်းကျွေးပွဲ ကိုတော့ ဧပြီလ ၆ ရက်နေ့က မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း၊ ကိုးမိုင်ရှိ ပရိယတ္တိသဒ္ဓမ္မပါလ အောင်မြေဘုံသာစံ သျှမ်းကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
သရုပ်ဆောင် စိုးရန်အောင်ဟာ ဇွန်လမှာရုံတင်ပြသတော့မယ့် "ကျွန်တော်တို့ချစ်သော" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါ၀င်သရုပ်ဆောင်ထားပါသေးတယ်။