ဖိလစ်ပိုင်တွင် ဇီဝလောင်စာစီမံကိန်း ရန်ပုံငွေကို ရပ်ဆိုင်းရန် ADB ဘဏ်ရှေ့ လူရာပေါင်းများစွာ ဆန္ဒပြ

ဖိလစ်ပိုင်တွင် ဇီဝလောင်စာစီမံကိန်း ရန်ပုံငွေကို ရပ်ဆိုင်းရန် ADB ဘဏ်ရှေ့ လူရာပေါင်းများစွာ ဆန္ဒပြ

မနီလာ၊ မေ ၅ ။               ။ ဖိလစ်ပိုင်နိုင်ငံတွင် အာရှအခြေခံလူတန်းစားလှုပ်ရှားမှုနှင့် အရပ်ဖက်အဖွဲ့အစည်းအုပ်စုများမှ ရာပေါင်းများစွာသော ဆန္ဒပြသူများသည် မနီလာရှိ အာရှဖွံ့ဖြိုးရေး ADB ဘဏ် နှစ်ပတ်လည်အုပ်ချုပ်ရေးမှူးများ ဒုတိယနေ့မြောက် အစည်းအဝေးကာလအတွင်း မေ ၄ ရက်က ယင်းဘဏ် ရုံးချုပ်ရှေ့အပြင်ဖက်တွင် စုရုံးဆန္ဒပြကြသည်။

ဆန္ဒပြသူများက “ညစ်ညမ်းသော စွမ်းအင်ကို ထောက်ပံ့ခြင်းများ ရပ်”၊ “ညစ်ပတ်သော ဇီဝလောင်စာစွမ်းအင်စီမံကိန်းများကို ထောက်ပံ့ခြင်းများ ရပ်”ဆိုသော စာတမ်းများကို ကိုင်ဆောင်ကြွေးကြော်ကြသည်။ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအပါအဝင် ဇီဝလောင်စာသုံးစွမ်းအင်စီမံကိန်းများကို ADB ဘဏ်က ရန်ပုံငွေထောက်ပံ့နေခြင်းအား ကန့်ကွက်ဆန့်ကျင်ခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲကို ကြီးမှူးသူများက ထုတ်ပြန်သည်။

“နှစ်တိုင်းပဲ၊ ဒီလို ဇီဝလောင်စာသုံးစွမ်းအင်စီမံကိန်းတွေကို ဘဏ်က ရန်ပုံငွေ ထောက်ပံ့နေခြင်းကို ကျွန်တော်တို့ ဆန့်ကျင်အရေးဆိုနေခဲ့တာဖြစ်တယ်။ ဇီဝလောင်စာ ပြဿနာဟာ ရာသီဥတုပြောင်းလဲမှုရဲ့ အဓိကမောင်းနှင်နေတာပဲ။ အာရှက သက်ရှိဇီဝတွေအတွက် ပိုမိုအားနည်းအားပျော့လာစေမယ့် စီမံကိန်းတွေပဲ ဖြစ်တယ်။”ဟု အာရှ ကြွေးမြီရေးရာနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့မှ ညှိနှိုင်းရေးမှူး လီဒီနာစီပဲလ်က ဆိုသ်ည။

ADB  ဘဏ်သည် နှစ်ပတ်လည်အစည်းအဝေးအား မေ ၃ ရက်မှ ၆ ရက်အထိ မနီလာတွင် အာရှ၊ မြောက်အမေရိကနှင့် ဥရောပသို့မှ ပါ၀င်တက်ရောက်သူပေါင်း ၄၀၀၀ ကျော်ဖြင့် ကျင်းပလျက်ရှိနေခြင်း ဖြစ်သည်။

ထိုနှစ်ပတ်လည်အစည်းအဝေးကို အခွင့်အလမ်းအဖြစ် ဆန္ဒပြသူများက အသုံးချကာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ဖြစ်စေနိုင်သော မူဝါဒများကို ဘဏ်က ထောက်ပံ့နေခြင်းအား ရှုတ်ချကြလျက် ဆန္ဒပြကြခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly