လူငယ်နဲ့ ပရဟိတအလုပ် ၂

 

မနေ့တုန်းက ပရဟိတအလုပ်ဆိုတာ ဘာလဲဆိုတဲ့စဉ်းစားချက်ကို ကျနော်နားလည်သလို ရှင်းပြခဲ့ပါတယ်။ ပရဟိတအလုပ်ဆိုတာဘာလဲ။ လူငယ်တွေ ပရဟိတအလုပ်ကိုု လုပ်သင့် မလုပ်သင့်။ မည်သို့သောလူငယ်တွေက ပရဟိတအလုပ်ကို ပိုပြီးစိတ်ဝင်စားတတ်ကြသလဲဆိုတဲ့အချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ အထူးဖြင့် ဇောင်းပေးဆွေးနွေးခဲ့တဲ့အချက်ကတော့ ပရဟိတအလုပ်ရဲ့အဓိပ္ပာယ်ကို ကျနော်နားလည်သဘောပေါက်ထားသလို ရှင်းပြခဲ့တဲ့အချက်ပါပဲ။

ဒီကနေ့ဆက်ပြီးဆွေးနွေးမှာက ပရဟိတအလုပ်ကိုအခြေခံတဲ့ အဖွဲ့အစည်းအသီင်္းသီးနဲ့ မြန်မာ့လူ့အဖွဲ့အစည်း ပရဟိတအလုပ် ကနဦးအစ ဘယ်ကစသလဲဆိုတာဆက်ပြီး ဆွေးနွေးသွားမှာပါ။

ပရဟိတအလုပ်ကို မြန်မာပြည်မှာ ရှေးမြန်မာမင်းများလက်ထက်ကတည်းက စတင်လုပ်ခဲ့ကြတာပါ။ ကျေးရွာတိုင်း ကျေးရွာတိုင်းမှာရှိတဲ့ ကာလသား ကာလသမီးအဖွဲ့နဲု့၊ သာရေးနာရေးအဖွဲ့တွေဟာ မြန်မာ့ ပရဟိတအလုပ်ရဲ့ရှေ့တော်ပြေးများပါပဲ။ အခုထက်အထိလည်း ဒီအဖွဲ့တွေဟာ အားကောင်းမောင်းသန် ရှိနေကြစဲပါပဲ။

လွတ်လပ်ရေးမရခင် လွတ်လပ်ရေးရအောင် ကြိုးပမ်းနေကြရဆဲကာလမှာကြတော့  ပရဟိတအလုပ်ကို အခြေခံတဲ့ အဖွဲ့တွေ ရှိလာပါတယ်။ အထူးသဖြင့် သာရေးနာရေးကိစ္စ၊ နောက်တော့ အမျိုးသားရေးအခြေခံ စသည်ဖြင့် ပရဟိတအဖွဲ့တွေ ဆက်တိုက်ဆိုသလို ပေါ်လာခဲ့ပါတယ်။ ဗုဒဘာသာ ကလျာဏယုဝအသင်းလိုအဖွဲ့အစည်းတွေဟာ ပရဟိတအခြေခံအသင်းတွေပါပဲ။ ပရဟိတအလုပ်ရဲ့ ချစ်စရာကောင်းတဲ့ အချက်က ဒီအလုပ်တွေကို သူများခိုင်းလို့ ဒါမှမဟုတ် သတ်မှတ်ထားတဲ့တာဝန်ရှိလို့ လုပ်ကြတာမဟုတ်ဘဲ ကိုယ့်မူလစိတ်အခြေခံအရကိုယ်တိုင်က ကိုယ့်လိုလူသားအချင်းချင်း ကိုယ့်လို ဘာသာဝင်အချင်းချင်း ကိုယ့်နိုင်ငံသားအချင်းချင်း ကူညီယိုင်းပင်း ဖေးမလိုတဲ့စိတ်ကြောင့် လုပ်ကိုင်ကြတာဖြစ်လို့ ချစ်စရာကောင်းတဲ့ ဖြူစင်တဲ့အလုပ်ပါပဲ။

ဒီနေရာ ကြားညှပ်ပြီးပြောပြချင်တာရှိပါတယ်။ မြန်မာ့ မီးသပ်တပ်ဖွဲ့လိုအဖွဲ့အစည်းဟာ ယခင် စတင်တည်ထောင်စဉ်က လခစားအလုပ်မဟုတ်ဘဲ စေတနာ့ဝန်ထမ်းအလုပ် ပရဟိတအလုပ်အနေနဲ့ သနေတည်ခဲ့တာပါ။ နောက်ပိုင်းကြတော့မှ လခစားဝန်ထမ်း မီးသတ်တပ်ဖွဲ့ရယ်လို့ဖြစ်လာတာပါ။ ဒါပေမယ့်လည်း တခြားဝန်ထမ်းအဖွဲ့အစည်းတွေလိုမဟုတ်ဘဲ ကိုယ်ကျိုးစွန့် အလုပ်လုပ်ရမယ်ဆိုတဲ့အသိအခြေခံကတော့ မီးသတ်တပ်ဖွဲ့တိုင်းမှာ ရှိနေစဲပါပဲ။

အခုခေတ် အထူးသဖြင့် မြန်မာနို်င်ငံလို ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့အချိန် NGO လို့ခေါ်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာလည်း တကယ်တော့ အဲဒီ ပရဟိတမူလအခြေခံနဲ့စခဲ့ကြတဲ့အဖွဲ့အစည်းတွေပါပဲ။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ လခစားဝန်ထမ်းအလုပ်တွေဖြစ်လာကြလို့ အဲဒီ ပရဟိတအဖွဲ့အစည်းအခြေခံ အားနည်းလျော့ပါးသွားရတာပါ။

ကောင်းပါပြီ။ ပရဟိတအလုပ်ဟာ သူတပါးအကျိုးသယ်ပိုးလိုတဲ့ ရည်ရွယ်ချက်နဲ့အလုပ်ဖြစ်တာမို့ မအောင်မြင်စရာအကြောင်းမရှိဘူးလို့ ပြောလို့မရပြန်ပါဘူး။ ပရဟိတအဖွဲ့အစည်းတွေဟာ ငွေရေးကြေးရေးကိစ္စ၊ လူမှုရေးကိစ္စ၊ နိုင်ငံရေးကိစ္စအပေါ်မူတည်ပြီး အဂတိလို်က်စားမှုတွေ စီမံခန့်ခွဲမှုအမှားတွေနဲ့ လုံးချာလည်ပြိီး လုပ်ငန်းရပ်သွားရတဲ့အထိ ၀င်ရောက်လုပ်ကိုင်နေသူတွေ စေတနာအားနည်းသွားပြီး နောက်ဆုပ်သွားတာမျိုးတွေနဲ့ နိဂုံးချုပ်တတ်ကြရပြန်ပါတယ်။

ပရဟိတအဖွဲ့အစည်းတွေဟာ အစိုးရအဖွဲ့အစည်းတွေ၊ လခစားအဖွဲ့အစည်းတွေလို တာဝန်ခံမှု တာဝန်သိမှုနဲ့ပတ်သက်ပြီး တိကျပြတ်သားတဲ့ စည်းမျဉ်းစည်းကမ်း အားနည်းတတ်ကြပါတယ်။ စေတနာအလျောက်ဝင်ရောက်လုပ်ကိုင်တာဖြစ်လို့ တာဝန်ခံမှု တာဝန်ယူမှုအပိုင်းမှာ မတိကျနိုင်ပါဘူး။ ဒါကြောင့်မို့ အချိန်မရွေး ယိမ်းယိုင်ရပ်တန့်သွားနို်င်တဲ့သဘောလည်း ရှိပါတယ်။

ပရဟိတအဖွဲ့အစည်းမှာ တိကျပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုက အဲဒီ တာဝန်ယူမှု တာဝန်ခံမှုလျော့ပါး အားနည်းချက်ကြောင့် အဂတိလိုက်စားမှု၊ အတိအကျတာဝန်ချထားနိုင်မှုနဲ့ တာဝန်အကန့်အသတ် မရေရာမှုတွေကြောင့် အချင်းချင်း သဘောထားမတိုက်ဆိုင်မှုတွေ၊ အချင်းချင်း အပြစ်မြင်မှုတွေ၊ အချင်းချင်း ချိတ်ဆက်လုပ်ကိုင်မှုချို့ယွင်းချက်တွေဖြစ်လာပြီး ယိမ်းယိုင်သွားစေနိုင်ပြန်ပါတယ်။

လူငယ်တွေဟာ တစ်ဦးချင်းလုပ်ရမယ့် ပရဟိတအလုပ်နဲ့ အဖွဲ့အစည်းအလိုက်လုပ်ရမယ့် ပရဟိတအလုပ်တွေမှာ အားတက်သရော ၀င်ရောက်လုပ်ကိုင်တာ ကောင်းပါတယ်။ ဒီအလုပ်ဟာ မွန်လည်း မွန်မြတ်ပါတယ်။ ဖြူလည်း ဖြူစင်ပါတယ်။ ဒီလိုပြောတော့ ပရဟိတအလုပ်အပေါ် လူငယ်တိုင်း တက်တက်ကြွကြွ ၀င်ရောက်လုပ်ကိုင်လိုကြရဲ့လားလို့မေးရင် အဲသလိုလည်း မဟုတ်သေးဘူးလို့ ဖြေရမှာပါ။

ပရဟိတအလုပ်ဟာ မွန်မြတ်တာမှန်တယ်။ ဒါပေမယ့် ပရဟိတအလုပ်အပေါ်ချွင်းချက်နဲ့သာ လက်ခံချင်ကြတဲ့လူငယ်တွေလည်း ရှိတတ်ပါတယ်။ ဖြူစင်တဲ့လုပ်ငန်းဆိုတာ သူတို့မငြင်းပေမယ့် ၀င်ရောက်လုပ်ကိုင်နေသူတွေအပေါ် မူနဲ့လူခွဲမကြည့်နိုင်ပဲ၊ လူအပေါ်အဓိကထားကြည့်ပြီး ဒီလူပါရင် ငါမလုပ်ဘူး၊ နာမည်ကြီးအောင်လုပ်နေတာမို့ မထောက်ခံဘူး၊ လူရာဝင်အောင် ခွင်ဖန်တီးတာမို့ မယုံကြည်ဘူးဆိုတဲ့အမြင်တွေနဲ့ ချဉ်းကပ်တတ်ကြတာကိုလည်း တွေ့ရတတ်ပါတယ်။

ဒီလို ဘာပြုလို့ ပရဟိတအလုပ်အပေါ် မူအရမကြည့်နိုင်ကြတာလဲ။ အကြောင်းရှိပါတယ်။ လူငယ်တစ်ယောက်ဟာ သူမနှစ်သက် မယုံကြည် အသိအမှတ်မပြုနို်င်တဲ့ အဖွဲ့အစည်းထဲက လူငယ်တွေ ပရဟိတအလုပ်လုပ်လာရင် သူ့အနေနဲ့ အဲဒီပရဟိတအလုပ်ကို သူ မထောက်ခံချင်တော့ပါဘူး။ အထင်လည်း မကြီးတော့ပါဘူး။ ဘာသာမတူလို့ပဲဖြစ်ဖြစ် အဖွဲ့အစည်းချင်းမတူလို့ပဲဖြစ်ဖြစ် လူမျိုးချင်းမတူလို့ပဲဖြစ်ဖြစ်၊ အသားအရောင်မတူလို့ပဲဖြစ်ဖြစ် အဲသလို မတူကွဲပြားခြားနားသူတွေပါ၀င်လုပ်ကိုင်နေတဲ့ ပရဟိတအလုပ်ဆိုရင် အဲသလိုမြင်နေတဲ့လူငယ်တွေဟာ မထောက်ခံကြတော့ပါဘူး။ မထောက်ခံရုံတင်မက နောက်ပိုင်းမှာ ဆန့်ကျင်ရှုတ်ချတဲ့အထိ လုပ်လာတတ်ကြပါတယ်။

ဒီလို ပြင်းထန်တဲ့ တုန့်ပြန်မှုတွေကြံုရတဲ့အခါ ပရဟိတလုပ်ချင်တဲ့ လုပ်နေတဲ့ လူငယ်တွေဟာ စိတ်ဓါတ်ကျခြင်း၊ ကိုယ့်အလုပ်အပေါ် ယုံကြည်မှုနည်းပါးသွားခြင်းနဲ့ နောက်ဆုံးမှာ ပရဟိတအလုပ် ဆက်မလုပ်တော့တဲ့အထိ နောက်ဆုတ်သွားကြတာမျိုးလည်း ရှိပါတယ်။ ကိုယ်က ရိုးသားစွာ လုပ်ကိုင်တာမှန်ရဲ့သားနဲ့ ကဲ့ရဲ့ရှုတ်ချခံရတဲ့အခါ ပြန်လည်ဖြေရှင်းကြ၊ နောက်တော့ ပြန်လည်တုန့်ပြန်ပြောဆိုကြ ငြင်းခုန်ကြနဲ့ပဲ ကိုယ့်ရဲ့ပရဟိတအလုပ်ဟာ ပျက်ပြားသွားတတ်တာတွေလည်း ရှိပါတယ်။ ကိုယ်ကျိုးမဖက် ကိုယ်ကျိုးမရှိ လုပ်ရတဲ့အလုပ်ကို ဝေဖန်တိုက်ခိုက်ခံရတဲ့အခါ ကိုယ့်အကျိုးမျှော်ကိုးပြီးလုပ်တဲ့အလုပ်လို့ စွပ်စွဲပစ်တင်ခံရတဲ့အခါ စိတ်ဓါတ်ကယိမ်းကပါး ဖြစ်လာတတ်ပါတယ်။ ဒါနဲ့ပဲ ပရဟိတအလုပ်ကို စွန့်ခွာသွားကြတဲ့ လူငယ်တွေလည်း ရှိပါတယ်။

ပရဟိတအလုပ်ဟာ မွန်မြတ်သန့်ရှင်းတဲ့အလုပ်မို့ ဝေဖန်ပြစ်တင်မှုဟူသမျှကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားရင်း ဒီအလုပ်ကိုပဲ စိတ်ခိုင်ခိုင်ပိုင်းဖြတ်လုပ်ကိုင်သွားကြတဲ့လူငယ်တွေလည်း ရှိပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ။ ပရဟိတအလုပ်ဆိုတာ လူသားအချင်းချင်း ကူညီယိုင်းပင်းလိုတဲ့ အင်မတန်ချစ်ဖို့ တန်ဘိုးထားဖို့ကောင်းတဲ့ စိတ်ဓါတ်အပေါ်မူတည်ပြီးမှ ဖြစ်ပေါ်လာရတဲ့အလုပ်ဖြစ်တာမို့ ဘယ်လူငယ်မဆို စိတ်ဝင်စားသင့်ပါတယ်။ ၀င်ရောက်လုပ်ကိုင်သင့်ပါတယ်။ တင်စားပြီးပြောရရင် ဘုရားလည်းကြိုက် နတ်လည်းကြိုက်တဲ့အလုပ်ဖြစ်တာမို့ လူငယ်များ ပရဟိတအလုပ်ကို ၀င်ရောက်လုပ်ကိုင်ကြဖို့သင့်ကြောင်း အကြံပြုလိုက်ပါတယ်။

ပရဟိတအလုပ်ကြောင့်လည်း လူငယ်တို့ရဲ့မိုးကောင်းကင် မွန်မြတ်သန့်စင် ကြည်လင်တောက်တနိုင်ကြပါစေ။    ။

လူငယ်နဲ့ ပရဟိတအလုပ် အပိုင်း (၁) အပြည့်အစုံ - http://www.mizzimaburmese.com/article/39118

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly