စစ်ကိုင်းတိုင်းတွင် ၂၀၁၈ ခုနှစ်အတွင်း မီးလောင်ကျွမ်းမှုကြောင့် ကျပ်သန်းပေါင်း ၁၇၀၀ ကျော် ဆုံးရှုံးဟု ၀န်ကြီးချုပ်ပြော

စစ်ကိုင်းတိုင်းတွင် ၂၀၁၈ ခုနှစ်အတွင်း မီးလောင်ကျွမ်းမှုကြောင့် ကျပ်သန်းပေါင်း ၁၇၀၀ ကျော် ဆုံးရှုံးဟု ၀န်ကြီးချုပ်ပြော

မေ ၅ ရက် ၊ မုံရွာ ။         ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခုနှစ် ၂၀၁၈ ဇန်နဝါရီလ မှ ဧပြီလအထိ မီးလောင်မှု (၈၃)ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးတန်ဖိုး ငွေကျပ်သန်းပေါင်း ၁၇၀၀ ကျော် ဆုံးရှုံးခဲ့သည်ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က  ပြောကြားလိုက်သည်။

မေလ ၅ ရက်က မုံရွာမြို့ တိုင်းမီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၂)နှစ်မြောက် မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

'' မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတွေဟာ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေတဲ့ အတွက် မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် မိမိတာဝန်ယူရတဲ့ နယ်ပယ်အသီးအသီးမှာ မီးဘေးလုံခြံုရေး နဲ့ ပတ်သက်လို့ လွှမ်းခြံုမိစေဖို့ လုပ်ငန်းတာဝန်အဆင့်ဆင့်ကို အစီအမံပြုလုပ်ပြီး နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် ကာလအလိုက် တစိုက်မတ်မက်ဆောင်ရွက်ရမည် " ဟု ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိင်က မီးသတ်တပ်ဖွဲ့ဝင်များကို တိုက်တွန်းပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင်၂၀၁၆ ခုနှစ်အတွင်း မီးလောင်မှု ၁၈၀ ကြိမ် ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ပေါင်း ၁၃၅ သန်းခန့်၊ ၂၀၁၇ ခုနှစ်အတွင်း မီးလောင်မှု ၁၉၃ ကြိမ်၊ ဆုံးရှံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၁၁၄ လေးသန်းခန့် ရှိကြောင်း မီးသတ်ဌာနာစာရင်းများအရ သိရသည်။

'' ဒီနှစ်က အရင်နှစ်ထက် မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးများတာ ဟုတ်ပါတယ် ။ ၄ လအတွင်းကို ဆုံးရှုံးမှုက တစ်ထောင်ကျော်နေပြီ ။ ဒါပေမယ့် ဒီနှစ်က နန်းဖာလုံစျေးတွေရော ပါလို့ များသွားတာပါ”  ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၁၅၇ ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် ၄၄၃၅၂ ဦး ၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်အင်အား ၁၁၅၂ ဦး ရှိပြီး မီးသတ်ယာဉ်/စက်ယန္တရား ၆၂၁ စီး ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly