မုံရွာတွင် ကျော်သူဦးဆောင်ပြီး ဆိုင်ကယ်ဦးထုပ်ဆောင်းရန်နဲ့ အမှိုက်ကောက်ကမ်ပိန်း ပြုလုပ်

မုံရွာတွင် ကျော်သူဦးဆောင်ပြီး ဆိုင်ကယ်ဦးထုပ်ဆောင်းရန်နဲ့ အမှိုက်ကောက်ကမ်ပိန်း ပြုလုပ်

 

မုံရွာ၊ မေ ၅ ။                        ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ မေလ ၅ ရက် နံနက်ပိုင်းက ရန်ကုန်နာရေးကူညီမှုအသင်း ရုပ်ရှင် မင်းသား ကျော်သူ ဦးဆောင်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ မုံရွာယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်တွေ၊ We Love Tattoo (မုံရွာ)အဖွဲ့နဲ့ အရပ်ဘက်အဖွဲ့စည်းတွေ စုပေါင်းပြီး “ ဆိုင်ကယ်စီး ရင် ဆိုင်ကယ်ဦးထုပ်ဆောင်းကြဖို့” နဲ့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာစေဖို့အတွက် ကမ်ပိန်း ပြုလုပ်ခဲ့ပါတယ်။

ဆိုင်ကယ်ကမ်ပိန်းကို မုံရွာမြို့တော်ခန်းမ ရှေ့မှ စတင်ကာ သာစည်လမ်း၊ ပေ ၈၀၊ ကျောက္ကာလမ်း၊ ပြည်ထောင်စုလမ်းနဲ့ ဗိုလ်ချုပ်လမ်းမှာ ရုပ်ရှင်မင်းသား ကျော်သူ ဦးဆောင်ပြီး We are Citizens စာတန်းပါ တီရှပ်တွေ ဝတ်ဆင်ပြီး ဆိုင်ကယ်တွေနဲ့ လှည့်လည်ခဲ့ပါတယ်။ လူစည်ကားရာနေရာတွေမှာ ရုပ်ရှင်မင်းသားကျော်သူက ယာဉ်စည်းကမ်းလမ်းစည်း အသိပညာပေး ဟောပြောတာတွေ၊ ယာဉ်ထိမ်းရဲတပ်ဖွဲ့ဝင်တွေက ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေး စာစောင်တွေကို ဝေငှခဲ့ပါတယ်။

အခုလို မုံရွာမြို့မှာ ဆိုင်ကယ်ကမ်းပိန်းပြုလုပ်ရတာနဲ့ ပတ်သက်ပြီး ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက “ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ကယ်စီးဦးထုပ် ဆောင်းရန် အကြံပေးချင်ပါတယ်။ ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုး စနစ်တကျတပ်ဆင်၍ စီးသည့်အလေ့ကျင့်ကောင်းများ ရရှိစေရန် ဖြစ်ပါတယ်” ဟု ကျော်သူက ပြောခဲ့ပြီး သရုပ်ဆောင် ညီဂျော်က သရုပ်ပြခဲ့ပါတယ်။

ဆိုင်ကယ်မောင်းနှင်တဲ့ အခါ ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်နဲ့ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာဖို့ အတွက် ရည်ရွယ်ပြီး ဆိုင်ကယ်ကန်ပိန်း ပူးပေါင်း ပြုလုပ်တာဖြစ်တယ်လို့ We love Tattoo (မုံရွာ)အဖွဲ့က အတွင်းရေးမှူး ကိုအောင်နေမျိုးက နောင်လည်း အချိန်သင့်ရင် သင့်သလို ထပ် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဆိုင်ကယ်ကမ်ပိန်းအပြီးမှာတော့ ကန်သာယာကန်မှာ အများပြည်သူတွေ အမှိုက်ကို စနစ်တကျ စွန့်ပစ်စေဖို့ ရည်ရွယ်ပြီး အမှိုက်ကောက် ကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။

မုံရွာမြို့မှာ ၂၀၁၄ ခုနှစ်က စတင်ကာ We are Citizens အဖွဲ့က ယာဉ်စည်းကမ်းလိုက်နာဖို့နဲ့ ဆိုင်ကယ်စီးရင် ဆိုင်ကယ်စီးဦးထုပ် စနစ်တကျဆောင်းဖို့ ကမ်ပိန်းတွေပြုလုပ်ခဲ့ပေမဲ့ ဆိုင်ကယ်မောင်းနှင်းသူ ၁၀၀ မှာ ၃၀ ရာခိုင်နှုန်းသာ ဆိုင်ကယ်ဦးထုပ်ဆောင်းကြတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly