ပလက်ဝတွင် AA နှင့် တပ်မတော်တို့ တိုက်ပွဲထပ်ဖြစ်နိုင်ဖွယ်ရှိနေသေး

ပလက်ဝတွင် AA နှင့် တပ်မတော်တို့ တိုက်ပွဲထပ်ဖြစ်နိုင်ဖွယ်ရှိနေသေး
ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

ရန်ကုန်၊ မေ ၅ ။             ။ ချင်းပြည်နယ်၊ ပလက်ဝတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ မေလ (၃) ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း တပ်မတော်ဘက်မှ တပ်အင်အားများဖြည့်တင်းနေသောကြောင့် တိုက်ပွဲများ ထပ်ဖြစ်လာဖွယ်ရှိနေသေးကြောင်း AA ဘက်မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ ကပြောသည်။

 “ ဒီနေ့ထိတော့ နည်းနည်းပြန်ပြီးငြိမ်နေတယ်။ ဒါပေမယ့်လို့ တပ်မတော်ဘက်ကနေ အင်အားတွေ ထပ်ဖြည့်နေတာတော့ ရှိတယ်။ သူတို့ဘက်ကထပ်ပြီးတော့ ထိုးလာမယ်ဆိုရင်တော့ တိုက်ပွဲက ထပ်ဖြစ်နိုင်မယ့် အခြေအနေတော့ရှိတယ်” ဟု ၄င်းကဆိုသည်။

ပလက်ဝမြို့အထက်ပိုင်း တွင် မင်းတပ်မြို့အခြေစိုက်တပ်ရင်းဖြစ်သည့် ခမရ ၅၄၉ နှင့် AA တို့ မေလ (၃) ရက်နေ့၊ နံနက် ၉ နာရီလောက်မှစတင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညနေပိုင်းအထိ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိခဲ့သည်ဟု ဦးခိုင်သုခက ဆက်လက်ဆိုသည်။

အဆိုပါတိုက်ပွဲတွင် အစိုးရဘက်မှ ၄ ဦးကျဆုံးပြီး ၆ ယောက်ကျော် ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း ၄င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာသည် ၂၀၁၇ ခုနှစ် နှောင်းပိုင်း AA နှင့် တပ်မတော်တို့ ၄၄ ရက်ကြာပြင်းထန်ခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ဘေးရှောင်များ၏ ရွာများတွင်ဖြစ်သောကြောင့် အရပ်သားထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၁၇ ခုနှစ်နှောင်းပိုင်းတိုက်ပွဲများကြောင့် ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၆၇ စု၊ လူဦးရေအားဖြင့် ၃၄၀ ခန့် ရှိနေပြီး ၄ လကြာ သည်အထိ အများစုမှာ နေရပ်မပြန်နိုင်သေးကြောင်းလည်း သိရသည်။

ရက္ခိုင့်အဖွဲ့ AA သည် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly