FDA ညွှန်ချုပ်ကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် ရုံးထုတ်စစ်ဆေး

FDA ညွှန်ချုပ်ကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် ရုံးထုတ်စစ်ဆေး

 

မန္တလေး၊ မေလ ၄ ။           ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် ကျန်းမာရေးဝန်းကြီးဌာန၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို မေလ ၄ ရက်၊မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

ယနေ့ မေလ ၄ ရက် ရုံးချိန်းတွင် တရားလိုပြသက်သေကို စစ်ဆေးခဲ့ပြီး တရားခွင်မှအထွက်တွင် ဒေါက်တာ သန်းထွဋ်က အမှုနှင့်ပတ်သက်၍ "ဘာမှပြောစရာမရှိပါဘူး။"ဟု ပြောသည်။

၎င်းဘက်က လိုက်ပါဆောင်ရွက်ပေးနေသည့် ဥပဒေအကျိုးဆောင် က" အမှန်တရားတိုင်း ဖြစ်ရမှာပေါ့။ နောက်တစ်ပတ် ကျွန်တော်တို့ပြောပါမယ်"ဟု ပြောသည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တိုင်ကြားမှုများပေါ်စစ်ဆေးရာမှ လုပ်ကိုင်ခွင့်အာဏာ ကို အသုံးပြုကာ အဂတိလိုက်စားမှုများ စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် က တရားလိုပြုလုပ်ကာ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရီမြို့နယ်၊ ရဲစန်းတွင် ၂၀၁၃ ခုနှစ်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ ဧပြီလ ၂၀ ရက်နေ့က အမှုဖွင့်ခံခဲ့ရပြီး မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်တွင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် သတင်းနှင့်ပြန်ကြားရေးအရာရှိ ဒေါ်ခင်ခင်ချိုက"ဒီနေ့စစ်ဆေးတဲ့ သက်သေကတော့ တစ်ဦးပါ။တရားလိုုဖြစ်တဲ့ ဦးသန်းဇော်ဝင်းကို စစ်ဆေးတာပါ။အဲဒီတစ်ဦးတောင် စစ်ဆေးလို့မပြီးသေးပါဘူး။သက်သေခံသွင်းတဲ့ စာရွက်စာတမ်းမူရင်းတွေ တင်ပြမှုရှိနေတဲ့အတွက်ကြောင့် ဒီအမှုကို ပြန်ပြီးချိန်းဆိုပေးလိုက်တာပါ။သူတို့တင်ပြတဲ့ သက်သေခံတွေက စာရွက်စာတမ်း ပြေစာမူရင်းအချို့ မှတ်တမ်းတင်ထားပါတယ်။ ပြေစာမူရင်းကို တရာရုံးသက်သေခံအဖြစ် လက်ခံတဲ့အခါမှာ ဘယ်စာရွက်စာတမ်းပဲ ဖြစ်ဖြစ် မူရင်းကိုပဲ သက်သေခံအဖြစ်လက်ခံတာပါ။ ဒါကြောင့်မို့လို့ ဒီပြောစာမူရင်းတွေ လိုတဲ့အတွက်ကြောင့်မို့ လို့ မပါလာတဲ့အတွက်ကြောင့်မို့ ရုံးက ပြန်ချိန်းဆိုပေးလိုက်တာပဲဖြစ်ပါတယ်။"ဟု ပြောသည်။

စစ်ဆေးရန်အတွက် တရားလိုပြသက်သေ ၃၆ ဦးတင်ပြထားသည်ဟု သိရပြီး နောက်တစ်ပတ်ရုံးချိန်းကို မေလ ၁၁ ရက်သို့ ချိန်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly