ကလေးငယ်များ ပညာသင်ကြားရာတွင် ခွဲခြားဆက်ဆံခံနေရသည်ဟု NLD AIDS Center (NAC) မှ ဆို

ကလေးငယ်များ ပညာသင်ကြားရာတွင် ခွဲခြားဆက်ဆံခံနေရသည်ဟု NLD AIDS Center (NAC) မှ ဆို
ဓာတ်ပုံ - စိုးသူအောင်

ရန်ကုန်   မေ   ၄ ။             ။ HIV ၊ AIDS ကူညီစောင့်ရှောက်ရေးဂေဟာရှိကလေးငယ်အချို့ ပုဂ္ဂလိကမူကြိုကျောင်းအပ်နှံရာတွင် ကျောင်းမှ လက်ခံခြင်းမရှိကြောင်း သတင်းများထွက်ပေါ်နေပြီးနောက်   အဆိုပါကျောင်းမှ ကလေးငယ်များအနေဖြင့် ပညာ သင်ကြားရာတွင် ခွဲခြားဆက်ဆံခံမှုရှိနေသည်ဟု NLD AIDS Center (NAC) မှ တာဝန်ခံ ဦးမြင့်ဇော်က ပြောသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ ၂ ရက်နေ့က NLD AIDS Center (NAC)မှ ကလေးငယ် ၆ ဦးအား ပုဂ္ဂလိကမူကြို ကျောင်းတစ်ကျောင်းသို့ သွားရောက်အပ်နှံရာမှ ယင်းသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကျောင်းအပ်နှံမှု လက်မခံနိုင် တော့ကြောင်း မူကြိုမှ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

" ဒါဟာ လူသားလုံးဝမဆန်ဘူး၊ ဒီကလေးတွေမှာ ဘာ ရောဂါမှလည်း မရှိဘူး၊ ရောဂါရှိနေတယ်ဆိုရင်တော့ ထားပါ၊ ဒီဂေဟာက ကလေးတွေဆိုပြီး ဒါက ခွဲခြားဆက်ဆံခံရတာ၊ ကလေးတွေကျောင်းသွားဖို့ ပြင်ဆင်ပြီး ကာမှ မသွားရတော့ဘူးဆိုတော့ စိတ်မကောင်းဖြစ်ကြတာပေါ့၊  ကျွန်တော်တို့လည်း တော်တော်စိတ်မကောင်း ဖြစ်ရတယ်၊ ကျွန်တော်တို့ဂေဟာမှာက ရောဂါရှိတဲ့ကလေး ရော၊ ရောဂါမရှိပေမယ့် အကြောင်းအမျိုးမျိုးနဲ့ ရောက်နေတဲ့ကလေးတွေရော ရှိတယ်" ဟု NLD AIDS Center (NAC) မှ တာဝန်ခံ ဦးမြင့်ဇော်က ပြော သည်။

ကျောင်းအပ်နှံရာတွင် ရောဂါပိုးရှိ ကလေးငယ် ၂ ဦးအပါအဝင် ရောဂါကင်းစင်သည့် ကလေးငယ် ၄ ဦးကိုပါ ကျောင်းလက်ခံခြင်းမရှိဟု ဦးမြင့်ဇော်က ပြောသည်။

ကျောင်းအပ်လက်မခံခဲ့သည့် ပုဂ္ဂလိကမူကြို ကျောင်းဘက်မှ အဆိုပါဂေဟာမှကလေးငယ်များအတွက် သီးသန့် ကျောင်းရှိပြီး မိမိ၏ကျောင်းတွင် ကလေးငယ်များနှင့် ရောပြီး ပညာသင်ရန်မဖြစ်နိုင်သည့်အတွက် လက်မခံခြင်း ဖြစ်ကြောင်း တာဝန်ခံဆရာမ ဒေါ်ဝင်းဝင်းမော်က ပြော သည်။

"လက်မခံတာတော့ မဟုတ်ပါဘူး၊ သူတို့က AIDS Centre လေ ၊ ကျွန်မတို့က ပုဂ္ဂလိကကျောင်းလေ၊ သူတို့က AIDS Centre ဆိုတော့ သူတို့အတွက် ကျောင်းရှိတယ်လေ၊ လူမှုဝန်ထမ်းကကျောင်း၊ အဲဒီကလေးတွေအတွက် ဖွင့်တဲ့ကျောင်းကိုပဲ သွားရမှာလေ၊ ကျွန်မတို့ ကျောင်းကို တက်တဲ့အခါကျတော့ အဆင်မပြေနိုင်ဘူး၊ ကလေးတွေနဲ့ရောပြီး သင်ဖို့ဆိုတာ အဆင်မပြေနိုင်ဘူးလေ၊ ကျောင်းသားမိဘတွေက လက်ခံမှာ မဟုတ်ဘူး" ဟု ဒေါ်ဝင်းဝင်းမော်က ပြောသည်။

ထို့ပြင် ကျောင်းလာအပ်သည့်အခါကလည်း ကျောင်းသား ၆ ယောက် လာအပ်သည်မဟုတ်ဘဲ ၄ ယောက်သာ လာအပ်ခြင်းဖြစ်ပြီး အဆိုပါကလေးငယ်များကို သီးခြား ပညာသင်ကြားပေးနိုင်သော်လည်း ၄င်းတို့က လူမှုကွန် ယက်စာမျက်နှာပေါ် တင်ခဲ့သည့်အတွက် လိုအပ်လျှင် အမှုဖွင့်သွားမည်ဟု ဒေါ်ဝင်းဝင်းမော်က ပြောသည်။

NLD AIDS Center (NAC) သည် ရန်ကုန်၊ အရှေ့ဒဂုံ မြို့နယ်၊ စိုက်ပျိုးရေးခြံ ဟိုင်ဆင်ဒူးဝါးလမ်း(၁၁)ရပ်ကွက် တွင် တည်ရှိပြီး ၂၀၀၂ ခုနှစ်က မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း တည် ထောင်ခဲ့သည့်ဂေဟာဖြစ်သည်။ အဆိုပါဂေဟာတွင် ၁ လသားအရွယ်မှ ၁၇ နှစ် အရွယ် အထိ ကလေးငယ် ၄၈ ဦးကို ကျောင်းထား ထားပြီး ကလေး ငယ် ၆၈ ဦးရှိကြောင်း သိရသည်။ 

ယင်းသို့ခွဲခြားဆက်ဆံခံရမှုများသည် ယခင်ကတည်းက ပင်ရှိခဲ့ပြီး၊ ပညာရေးတစ်ခုတည်းသာမဟုတ်ဘဲ အခြား ကိစ္စရပ်တွေလည်း များစွာရှိနေသေးသည်ဟု ယင်း ဂေဟာကို ထူထောင်ခဲ့သူ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

" ဒီကိစ္စနဲ့ပတ်သက်ပြီး ပညာပေးလုပ်ငန်းစဉ်တွေ အများ ကြီးလုပ်ဖို့ လိုနေသေးတယ်ဆိုတာ သွားတွေ့ရတယ်၊ ရန်ကုန်လိုနေရာမှာတောင် ပညာပေးမှုတွေ လုပ်ဖို့လိုနေတယ်၊ ဒီကလေးတွေက သာမန်ကလေးတွေလိုပဲ နေ လို့ ရတယ်၊ ရောဂါကူးစက်တာတွေ မဖြစ်ဘူးဆိုတာ ပညာ ပေးဖို့ လိုနေသေးတယ်၊ တစ်ချို့ ကျွန်မတို့ ကလေးတွေ ဆိုရင် မူလတန်းကနေ ၁၀ တန်းအထိ အစိုးရကျောင်း တွေမှာ ပညာသင်နေတဲ့ ကလေးတွေတောင် ရှိတယ်၊ ခွဲခြား ဆက်ဆံခံရတယ်ဆိုရင် စိတ်မကောင်းစရာပဲ" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

လက်ရှိတွင် NLD စင်တာမှ ကျောင်းအပ်လက်မခံခဲ့ရသည့် ကလေးငယ်များကို အခြား ကျောင်းများသို့ အပ်နိုင် ရန် ကြိုးစားသွားမည်ဖြစ်ပြီး ဂေဟာကို မှီခိုနေသည့်ကလေးငယ်များ၏ပညာရေးကို အထူးအလေးအနက်ထား ဆောင်ရွက်နေသည်ဟု ဦးမြင့်ဇော်က ဆက်ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly