အလုပ်လက်မဲ့နှုန်းနှင့် ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်ကြသော မြန်မာရွှေ့ပြောင်းလုပ်သားများတိုးလာ

အလုပ်လက်မဲ့နှုန်းနှင့် ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်ကြသော မြန်မာရွှေ့ပြောင်းလုပ်သားများတိုးလာ
Myanmar migrant workers check and fold the fishing nets after they  unload the catch at the fishing port on Si Rae island, off Phuket, southern Thailand. Photo: Barbara Walton/EPA

မတ် ၄။          ။ ပြည်တွင်းတွင် အလုပ်အကိုင်ဖန်တီးပေးမှုအားနည်းခြင်းနှင့် လုပ်ခလစာနည်းခြင်းအပါအဝင် အကြောင်းအရင်းအချက်များကြောင့် အလုပ်လက်မဲ့နှုန်းနှင့် ပြည်ပထွက်ခွာ အလုပ်လုပ်သူများတိုးလာကြောင်း မေလ ၃ ရက်က ပြုလုပ်သော မြန်မာ့စီးပွားရေးနှင့် ရွှေ့ပြောင်းလုပ်သားများအခြေအနေ တွေ့ဆုံဆွေးနွေးဖလှယ်ပွဲမှ သိရသည်။

“နိုင်ငံရဲ့ အလုပ်လက်မဲ့လူဦးရေကိုကြည့်ရင် ၂၀၁၅ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) နဲ့ သက်ဆိုင်ရာအလုပ်သမားဝန်ကြီး ဌာန ကောက်ခဲ့တဲ့အလုပ်သမား စစ်တမ်းအရ မြန်မာပြည်ရဲ့ အလုပ်လက်မဲ့ နှုန်းက ၁ ရာခိုင်နှုန်းအောက်မှာ ရှိတယ်။ အလုပ်လက်မဲ့နှုန်းဆိုတာ အလုပ်ရှာပြီး အလုပ်မရတဲ့သူ ဖြစ်တယ်။ ၂၀၁၇ စစ်တမ်းအရ အခုလက်ရှိမှာ ၁ ရာခိုင်နှုန်းကျော် သွားတယ်။ အလုပ်အကိုင်ဖန်တီးပေးမှုဟာ မတက်လာ ဘူးဆိုတဲ့ အခြေအနေမှာ ရှိတယ်” ဟု ဦးမင်းဇာနည်လင်း(Deputy Director -Center for Economic and Social Development သုတေသနဌာန) က ပြောသည်။

မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ၂၀၁၅ ခုနှစ်ထက် ၂၀၁၇ ခုနှစ်တွင် ပို၍တိုးလာကြောင်း အပြည်ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) နှင့် အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကောက်ယူခဲ့သောစစ်တမ်း တွင် ဖော်ပြထားသည်။

၂၀၁၄ခုနှစ်သန်းခေါင်စာရင်းအရ ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းလုပ်သား ၂ သန်း ခန့်ရှိသောကြောင့် စုစုပေါင်းလူဦးရေ၏ ၄ ရာခိုင်နှုန်းခန့်နှင့် စုစုပေါင်းအလုပ် လုပ်ကိုင်နိုင်သူ လူဦးရေ၏ ၆ ရာခိုင်နှုန်းခန့်ရှိပြီး နှစ်စဉ်ပြည်တွင်းသို့ ပြန်လည်လွဲပြောင်းငွေမှာ နိုင်ငံ ဂျီဒီပီ၏ ၅ ရာခိုင်နှုန်း အထက်တွင် ရှိကြောင်း သိရသည်။

“ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ရွှေ့ပြောင်းသွားလာမှုကဆက်ပြီး ကြီးနေဖို့ပဲရှိတယ်။ သွားရတဲ့အကြောင်းအရင်းက စီးပွားရေးအခွင့်အလမ်းကြောင့်သွားတယ်။ ပြန်လာတဲ့ အကြောင်းအရင်းအများစုက လူမှုရေးအကြောင်းအရင်း ကြောင့် များတယ်။ ဒီနှစ်ခုမှာ ဆုံချက်မရှိဘူး။ ဒါကြောင့် ရွှေ့ပြောင်းသွားလာမှုက ဆက်ပြီးရှိနေဦးမှာပဲ” ဟု ဦးမင်းဇာနည်လင်းက သုံးသပ်ပြောသည်။

အဆိုပါ Center for Economic and Social Development သုတေသနဌာနသည် အလုပ်သမားအရေး ဆောင်ရွက်နေသော အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

 ထိုသို့ပြောင်းရွှေ့ရသော အကြောင်းများတွင် ပြည်တွင်းတွင် လုပ်ခနည်းပါးခြင်းနှင့် လယ်မြေသိမ်းမှုများခြင်းက ဆက်စပ်နေကြောင်း အလုပ်သမားရေးဆောင်ရွက်သူ ရှေ့နေဦးဌေးက ပြောသည်။

“ မြန်မာနိုင်ငံမှာလုပ်ခက အလွန်နည်းပါးတယ်။ အလုပ်အကိုင် အခွင့်အလမ်းကလည်းရှားပါးတယ်။ လယ်ယာ မြေမှာ လယ်မြေအသိမ်းခံရတာတွေနဲ့ လယ်သမားတွေက ဒုက္ခရောက်တယ်။ ပြည်တွင်းမှာ အလုပ်အကိုင်ရှား တယ်။ ရတဲ့လုပ်ခကလည်း နည်းတော့ ဘဝတွေရင်းပြီး မလေးရှား၊ ထိုင်းတို့ထွက်ကြတယ်။ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေများဖို့လိုတယ်။ များဖို့ကလည်း အစိုးရရဲ့ စီးပွားရေး ပေါ်လစီ မူတည်တယ်။ စီးပွားရေးပေါ်လစီ၊ စီးပွားရေးမူဝါဒတွေ ကောင်းမွန်ရင် ၀င်ရောက်လာကြမယ်။ အလုပ်သမားဥပဒေပါအခွင့်အရေးတွေက အခုထိမရကြဘူး။ မရတဲ့အတွက် အလုပ်သမားတွေကစိတ်ပျက်ပြီး အိမ်နီးနားချင်းနိုင်ငံတွေထွက်ကြတယ်။ ဒါကြောင့် ပြည်တွင်းမှာ လည်း ဥပဒေစိုးမိုးဖို့လိုတယ်။ အလုပ်သမား ဥပဒေတွေကို လေးစားလိုက်နာဖို့လိုတယ် "ဟု အလုပ်သမားရေးဆောင်ရွက်သူ ရှေ့နေဦးဌေးက ပြောသည်။

 ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်က နိုင်ငံတော်သမ္မတပြောကြားသော နှစ်သစ်ကူးမိန့်ခွန်းတွင် “ တောင်သူ လယ်သမားများရဲ့ လူနေမှုဘဝ တိုးတက်မြင့်မားရေး ဆောင်ရွက်ရာမှာ တောင်သူ လယ်သမားတွေရဲ့ မြေပိုင်ဆိုင်ခွင့်လက်မှတ်တွေ တစ်နိုင်ငံလုံး တစ်နှစ်အတွင်းရရှိဖို့ အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်သွားပါမယ်” ဟု ပါရှိသောကြောင့် လယ်သမားများဘဝ မြင့်မားလာပါက ရွှေ့ပြောင်းလုပ်သားအရေအတွက် လျော့ကျသွား မည်ဟု မျှော်မှန်းရသည်။

ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းလုပ်သားအများစုမှာ မွန်၊ ကရင်၊ ချင်း၊ တနင်္သာရီ၊ ရှမ်းစသော ဒေသများမှ အများစုဖြစ်ပြီး အဓိက ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ တရုတ်နိုင်ငံများ သို့ အများဆုံး သွားရောက်ကာ အခြေခံအလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်မှုများကြောင်း Center for Economic and Social Development သုတေသနဌာန၏ စစ်တမ်းများအရ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly