‘အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲဟာ ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းသစ်ရဲ့ ပထမဦးဆုံး စာမျက်နှာတွေထဲက တစ်ခုဖြစ်တယ်’ ~ အက်သလက်နည်းပြ ဆီမြွန်နီ

‘အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲဟာ ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းသစ်ရဲ့ ပထမဦးဆုံး စာမျက်နှာတွေထဲက တစ်ခုဖြစ်တယ်’ ~ အက်သလက်နည်းပြ ဆီမြွန်နီ
(ဓာတ်ပုံ - အီးပီအေ)

အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီက ၎င်းရဲ့ အသင်း ယူရိုပါလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ အာဆင်နယ်အသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့အပေါ် ဒါဟာ “ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းသစ်ရဲ့ သမိုင်းမှာ ပထမဦးဆုံး စာမျက်နှာတွေထဲက တစ်ခု”ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

အက်သလက်တီကိုအသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ အမ်းမရိတ်မှာ တစ်ယောက်လျော့နဲ့ အာဆင်နယ်ကို တစ်ဂိုးစီသရေ ကစားနိုင်ခဲ့ပြီး ဒုတိယအကျော့ ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းမှာတော့ ဒီယေဂိုကော်စတာရဲ့ တစ်လုံးတည်းသော ဂိုးနဲ့အတူ ၁-၀ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်း ၂-၁ဂိုး ရလဒ်နဲ့ နောက်တဆင့်ကို တက်နိုင်ခဲ့ပါတယ်။

“ပရိသတ်တွေ ဘယ်လောက်တောင် ခံစားခဲ့ရတယ်ဆိုတာ ကျနော် ဒီနေ့ တွေ့မြင်ခဲ့ရပါတယ်။ ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းဟာ ထူးခြားတဲ့ ကွင်းတစ်ခုဖြစ်ပါတယ်။ အသင်းဟာ ပရိသတ်တွေရဲ့ တွန်းအားပေးဖို့ လိုအပ်တယ်ဆိုတာ သူတို့ နားလည်ထားကြပါတယ်။ ဒါကတော့ ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းသစ်ရဲ့ ပထမဦးဆုံး စာမျက်နှာတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။”လို့ ကွင်းတွင်းကနေ ညွှန်ကြားခွင့်မရခဲ့တဲ့ ဆီမြွန်နီက ပြောပါတယ်။

နည်းပြ ဆီမြွန်နီဟာ ပထမအကျော့ အာဆင်နယ်နဲ့ပွဲမှာ စောဒက တက်မှုကြောင့် ကွင်းပြင်ပသို့ နှင်ထုတ်ခံရပြီး ပွဲကြီးကြပ်ခွင့် ပိတ်ပင်တားမြစ်ခံထားရတာပါ။ ဒါကြောင့် အိမ်ကွင်းပွဲစဉ်မှာ ပွဲကြည့်စင် မြောက်ဘက် အခန်းတစ်ခုကနေ အားပေးကြည့်ရှုခဲ့ပြီး အသင်းအတွက် အောင်ပွဲခံခဲ့ပါတယ်။

 “ဒီနှစ်တွေထဲမှာ ဗိုလ်လုပွဲစဉ်တွေကို တက်ရောက်ဖို့ ပေးဆပ်ခဲ့ကြတဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ အသင်းသားတွေရဲ့ ကောင်းမွန်တဲ့ လုပ်အားရဲ့ ရလဒ်ကြောင့် အခုလို ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ ဒါက ဗိုလ်လုပွဲမှာ မာဆေးလ်အသင်းကို အနိုင်ရဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။”လို့ သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

အက်သလက်တီကိုဟာ ဆဲဘတ်အသင်းကို အချိန်ပိုမှာ ကျော်ဖြတ်လာခဲ့တဲ့ မာဆေးလ်အသင်းနဲ့ လာမယ့် မေလ ၁၆ ရက်နေ့မှာ လီယွန်မှာ ဗိုလ်လုပွဲကစားရမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲရဲ့ ချန်ပီယံ ၂ ကြိမ်ရ  အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ယူရိုပါလိဂ်ဖိုင်နယ်ကို ၉ နှစ်အတွင်း ၃ ကြိမ် တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly