ကချင်စစ်ဘေးရှောင်တွေကို ပြည်နယ်အစိုးရ ကူညီပေးနေကြောင်း ထုတ်ပြန်

ကချင်စစ်ဘေးရှောင်တွေကို ပြည်နယ်အစိုးရ ကူညီပေးနေကြောင်း ထုတ်ပြန်
ဓာတ်ပုံ - KBC KACHIN

ရန်ကုန် ၊ မေ ၄ ။                   ။ ကချင်ပြည်နယ်အတွင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ပြည်သူ များအား ပြည်နယ်အစိုးရက ကူညီပေးနေသည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့က ယမန်နေ့ ဧပြီ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းပြီး ဆန်၊ ဆီ၊ ရိက္ခာ၊ ဆေးဝါးများ   ထောက်ပံ့ပေးနေသည်ဟု ပြည်နယ်အစိုးရမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ယင်းအပြင် ကချင်ပြည်နယ်အတွင်းရှိ IDP စခန်းများကိုလည်း ပြည်နယ်အစိုးရကြီးကြပ်မှုဖြင့် အစိုးရဌာန ဆိုင်ရာများ ၊ NGO များ ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများက အစားအသောက် ၊ အဝတ်အထည်များ ထောက်ပံ့ကူညီပေးနေသည်ဟု ဆိုသည်။

 IDP စခန်းများတွင် ရောက်ရှိနေသည့် ပြည်သူများကို နယ်မြေအေးချမ်းမှုအပေါ် မူတည်ပြီး ၄င်းတို့ဒေသကို ပြန်လည်နေထိုင်နိုင်ရေး စီစဉ်ပေးနေသည်ဟု ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက စတင်ပြီး ကချင်ပြည်နယ်အတွင်းရှိ လိုင်ဇာ၊ ဖားကန့်၊ တနိုင်း၊ ကာမိုင်း ၊ မိုးကောင်း ၊ အင်ဂျန်ယန် နှင့် နမ္မတီးတို့တွင် ကချင်လွတ်လပ်ရေးတပ်(KIA) နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ၅၀၀၀ ကျော်သည် တိုက်ပွဲများအတွင်း ပိတ်မိနေသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှ ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲများအကြား ပိတ်မိနေသည့် ကချင်စစ်ဘေးရှောင်ပြည်သူများကို အရေးပေါ် ကူညီ ကယ်ဆယ်ပေးရန်အပြင် လူထု၏ ဘေးကင်းလုံခြံုမှု၊ ဒေသတွင်းတည်ငြိမ်မှုကို အမြန်ဆုံးဆောင်ရွက်ပေးရန် ကချင်အရပ်ဘက်အဖွဲ့အစည်းများမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့ထံ ပြီးခဲ့သည့်ရက်ပိုင်းက စာပေးပို့တောင်းဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly