အနည်းဆုံးအခကြေးငွေ နှုန်းထားသစ် ယခုလအတွင်း အစိုးရ အတည်ပြုမည်

အနည်းဆုံးအခကြေးငွေ နှုန်းထားသစ် ယခုလအတွင်း အစိုးရ အတည်ပြုမည်
မန္တလေးမြို့က အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ရေး ဆန္ဒဖော်ထုတ်ပွဲ(ဓာတ်ပုံ- ဘိုဘို/မဇ္ဈိမ)

နေပြည်တော်(မေလ ၄ရက်၊ ၂၀၁၈ခုနှစ်)။ ။ အနည်းဆုံးလုပ်ခလစာနှုန်းထားသစ်ကို အစိုးရ၏ အတည်ပြုချက်ဖြင့် ယခုလအတွင်း ထုတ်ပြန်မည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ယနေ့ မေလ ၄ရက်တွင် ပြောကြားသည်။

“ကက်ဘိနက် ဆုံးဖြတ်ချက်ကျပြီဆိုရင် မကြာမီမှာ ထုတ်ပြန်နိုင်လိမ့်မယ်လို့ ပြောကြားလိုပါတယ်။ မေလအတွင်းမှာ ဖြစ်နိုင်ပါတယ်” ဟု ဦးဝင်းရှိန်က သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အလုပ်သမား တစ်ရက်လုပ်ခ အနည်းဆုံးကျပ် ၄,၈၀၀ သတ်မှတ်သင့်ကြောင်း မတ်လဆန်းပိုင်းက အတည်ပြုပြီးနောက် ယင်းနှုန်းထားနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရ၏ အတည်ပြုချက် သဘောထားကို ထပ်မံ တောင်းခံထားခြင်း ဖြစ်သည်။

အစိုးရက အတည်ပြုထုတ်ပြန်မှသာ စတင်အသက်ဝင်မည်လည်း ဖြစ်သည်။

“အရင်က ၃,၆၀၀ ရနေတာကိုး၊ ၄,၈၀၀ ရလို့ရှိရင် အများစုက ကျေနပ်ကြမှာပါ။ အများစုသဘောကို ယူရတာကိုး” ဟု ဦးဝင်းရှိန်က ဆိုသည်။

တဖက်တွင် အလုပ်သမား တစ်ရက်လုပ်ခ အနည်းဆုံး ကျပ် ၅,၆၀၀ သတ်မှတ်ပေးရန် တောင်းဆိုမှုတချို့ ရှိနေသော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးအနေအထားပေါ် မူတည်ကာ တစ်ရက်လုပ်ခ အနည်းဆုံးကျပ် ၄,၈၀၀ အမြန်ဆုံးကျင့်သုံးပြီး ကောင်းကျိုး၊ ဆိုးကျိုးပေါ်မူတည်ကာ ပြင်ဆင်မှုများ ပြုလုပ်သင့်သည်ဟု အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီမှ အလုပ်သမား ကိုယ်စားလှယ်ဖြစ်သူ ကိုနော်အောင်က မှတ်ချက်ပြုသည်။

“တကယ်ဖြစ်ချင်တာကတော့ ၅,၆၀၀တောင်မှ လုံလောက်မှ မရှိဘူး။ ဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်လိုက်လို့ရှိရင် တော်တော်နည်းတယ်။ ဒါပေမယ့်လည်း လောလောဆယ် ကျွန်တော်တို့ နိုင်ငံအနေအထားနဲ့ ၄၈၀၀ကို အမြန်ဆုံး ခံစားပြီးတော့မှ သူ့ရဲ့ ဆိုးကျိုး၊ ကောင်းကျိုး အမြန်ဆုံးပေါ်လွင်လာပြီးတော့ ဘယ်လို ပြင်ဆင်သွားမလဲဆိုတာလုပ်ဖို့ လိုအပ်နေပြီ” ဟု ကိုနော်အောင်က ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရ အလုပ်သမား တစ်ရက်လုပ်ခ အနည်းဆုံး ကျပ် ၅,၆၀၀ သတ်မှတ်ရန်မှာ လုံးဝ မဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များဘက်က အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးများတွင် ဆွေးနွေးထားသည်။

အနည်းဆုံးအခကြေးငွေကို ၂၀၁၅ က တစ်ရက်လုပ်ခ ကျပ် ၃,၆၀၀ နှုန်းသတ်မှတ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly