မြန်မာ့ပထမဆုံး ရောင်စုံစက္ကူများဖြင့် ဖန်တီးထားသော ပန်းချီပြပွဲပြုလုပ်မည်

မြန်မာ့ပထမဆုံး ရောင်စုံစက္ကူများဖြင့် ဖန်တီးထားသော ပန်းချီပြပွဲပြုလုပ်မည်

 

ရန်ကုန်၊ မေလ ၃ ။                  ။ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် ရောင်စုံစက္ကူများဖြင့် ဖန်တီးထားသော ပန်းချီပြပွဲကို ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပန်းချီပြပွဲကို ဆန်းသစ်တီထွင် စက္ကူပန်းချီပြပွဲဟု အမည်ပေးထားပြီး Planetarium ပြတိုက်အနီး ပြည်သူ့ရင်ပြင်ရှိ Yangon Gallery တွင် မေလ ၁၂ ရက်မှ ၁၃ ရက်ထိ၊ မနက် ၁ဝ နာရီမှ ညနေ ၆ နာရီထိ ပြသသွား မည်ဖြစ်သည်။

“ အမျိုးစုံပါပဲ။ တိရစ္ဆာန်လေးတွေ၊ ပန်းလေးတွေ အကုန်ပါတယ်။ အမတို့အမေရဲ့စိတ်ကူးနဲ့ အမတို့ရဲ့ အိုင်ဒီယာ လေးတွေနဲ့ အကုန်လုံးပေါင်းပြီးတော့ ဒီပန်းချီပြပွဲလေးဖြစ်လာအောင်လုပ်ရတာပေါ့နော်။ စီစဉ်ထားတာတော့ ကြာပါပြီ။ ဒီနောက်ပိုင်းတစ်နှစ်လောက်မှာပေါ့။ လွန်ခဲ့တဲ့တစ်နှစ်လောက်က စပြီး စုစည်းရတာပေါ့။ ပိုအား ထည့် ပြီး ဒီလို ပြပွဲလုပ်မယ်ဆိုပြီး ကြိုးစားပြီးတော့လုပ်လိုက်တာပါ”ဟု စက္ကူပန်းချီများအားဖန်တီးသူ၏ သမီးဖြစ်သူ ဒေါ်ခင်ဇာဇာက ပြောသည်။

အဆိုပါ စက္ကူပန်းချီကားများကို အသက် ရ၉ နှစ်အရွယ် ဆရာမကြီး ဒေါ်မြမြဦးက ဖန်တီးခဲ့ခြင်းဖြစ်ပြီး ပန်းချီပြပွဲ တွင် မတူညီ သည့် ပန်းချီကားပေါင်း ၁၂ဝ ထိခင်းကျင်းပသသွားမည်ဖြစ်ကြောင်း သိရသည်။

“ ငြိမ်းချမ်းရေးမှာဆိုရင် ချိုးငှက်နဲ့ ဥသြ။ ဒါကို အန်တီက ဘယ်လိုထွင်လိုက်လဲဆိုရင် တောထဲကနေပြီးတော့ မီးရထားတစ်စီးက ထွက်လာတယ်။ မီးရထားထွက်တော့ နောက်က ပါတာက တိုင်းရင်းသားတွေပေါ့တစ်တွဲ၊ ပြီးတော့ ဘေးကနေပြီးတော့ ချိုးနဲ့ ဥသြတစ်အုပ်လိုက်တဲ့ပုံပေါ့။ အဲ့ဒီပုံကိုတော့ အန်တီရဲ့ကဗျာနဲ့ပေါ့လေ။ ချိုးတစ်အုပ်နှင့် ဥသြသံ၊ သံပြိုင်ဟစ်ကြွေး၊ တို့တိုင်းပြည်အတွက် ငြိမ်းချမ်းရေး”ဟု ဆရာမကြီး ဒေါ်မြမြဦးက ပန်းချီကားများကို ဖန်တီးခဲ့သည့် အခြေအနေနှင့်ပတ်သက်ပြီး ပြောသည်။

ထိုသို့ စက္ကူပန်းချီကားများကို ဖန်တီးစုဆောင်းခဲ့သည်မှာ နှစ်ပေါင်း ၂ဝ ကျော်ရှိပြီဖြစ်ကြောင်း သိရပြီး အဆိုပါ ပန်းချီပြပွဲပြုလုပ်သွားမည်အကြောင်းနှင့်ပတ်သက်၍လည်း ယနေ့ မေလ ၃ ရက်နေ့၊ ရန်ကုန်၊ အလုံ လမ်းရှိ My Garden Restaurant တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly