၂၀၁၇ ခုနှစ်အတွင်း တရားသူကြီးများအပါအဝင် တရားရေးဝန်ထမ်း ၁၆၀ ဦးကို အရေးယူထားဟုဆို

၂၀၁၇ ခုနှစ်အတွင်း တရားသူကြီးများအပါအဝင် တရားရေးဝန်ထမ်း ၁၆၀ ဦးကို အရေးယူထားဟုဆို

နေပြည်တော်၊ မေလ ၃ ။             ။ တရားသူကြီးများ အပါအဝင် တရားရေးဝန်ထမ်း ၁၆၀ ဦးကို ပြီးခဲ့သည့်နှစ်အတွင်းက အရေးယူထားသည်ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် သုတေသနဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

အရေးယူထားသည့် ၀န်ထမ်း ၁၆၀ ဦးတွင် အရာထမ်း ၈၈ ဦးနှင့် အမှုထမ်း ရ၂ ဦးတို့ ပါ၀င်ပြီး ညွှန်ကြားရေးမှူး ချုပ်အဆင့်မှ ရုံးစောင့်အဆင့်ထိ စသည့် လူများကို အရေးယူထားခဲ့ခြင်းဖြစ်သည်။

“အရာထမ်းကကြတော့ တရားသူကြီးထဲမှာ တရားရေးအရာရှိတွေ ပါ ပါမယ်၊ တရားသူကြီးတွေ ပါ ပါမယ်။ အမှုထမ်းကတော့ ကျွန်တေ်ာတို့တရားရုံးဝန်ထမ်းတွေပေါ့။ ၀န်ထမ်းအစုံပေါ့။  ရုံးအုပ်တွေပါမယ် ။ အကြီးတန်း စာရေး အငယ်တန်းစာရေးတွေပါမယ်”ဟု ဦးဇော်ဇော်ထွန်းက မီဒီယာများကို ပြောသည်။

မေလ ၃ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနတွင် ကျင်းပ ပြုလုပ်သော ၂၀၁၇ ခုနှစ် တရားရုံးနှစ်စဉ် အစီရင်ခံစာ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ဦးဇော်ဇော်ထွန်းက ယခုကဲ့သို့ ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

အရေးယူရာတွင် ပြစ်မှုများအလိုက် လစာနှုန်းထားလျော့ချခြင်း၊ ရာထူးတိုးရပ်ဆိုင်းခြင်း၊ ရာထူးအဆင့် လျော့ချ ခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်းခြင်း၊ ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းနှင့် ၀န်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း စသည့် အရေးယူမှုများကို လုပ်ဆောင်ခဲ့ကြောင်း အဆိုပါ ၂၀၁၇ ခုနှစ် တရားရုံးနှစ်စဉ် အစီရင်ခံစာ စာအုပ်ထဲတွင် ဖော်ပြထားသည်။

ဆက်လက်ပြီး ဦးဇော်ဇော်ထွန်းက တရားရုံးများတွင် တရားစီရင်ရာတွင် ကြန့်ကြာမှုများကို လျော့ချနိုင်ရန် အတွက်စနစ်သစ်များကို အကောင်အထည်ဖော်သွားရန် အတွက် “၂၀၁၈-၂၀၂၂ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း ချမှတ်” ထားကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး “၂၀၁၇ခုနှစ် အတွင်းမှာ မုဒိန်းမှု သည် တစ်နိုင်ငံလုံးမှာ ၁၉၃၀ ရာခိုင်နှုန်းအားဖြင့် ၁.၈ရာခိုင်နှုန်း ထိ စွဲတင်လာတာကို တွေ့ရပါတယ်။ လူသတ်မှုအနေနဲ့ ၁၂၁၄မှု ၁.၁ရာခိုင်နှုန်း တရားစွဲတင်လာခဲ့ပြီး၊ မူးယစ်ဆေးဝါးမှု အနေနဲ့ ၉၀၅၂မှု ၈.၃ရာခိုင်နှုန်း တရားစွဲတင်လာခဲ့ပါတယ်။ လူကုန်ကူးမှု အနေနဲ့ ၁၉၁ မှု ၀.၂ ရာခိုင်နှုန်း တရားစွဲတင်လာပြီးတော့ အခြားအမှုများ အနေနဲ့ ၉၆၀၃၇ မှု ၁၈.၆ ရာခိုင်နှုန်း တရားစွဲတင်လာတာ ကို ကျွန်တော်တို့ ဒီအစီရင်ခံစာ စာအုပ်မှာလည်း အသေးစိတ် ဖော်ပြပေးနိုင်ခဲ့ပါတယ်”ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။

အဆိုပါ အမှုများထဲတွင် မုဒိမ်းမှု ၁၉၃၀ထဲတွင် ဧရာဝတီတိုင်းဒေသကြီးတွင် ၃၃၄မှုဖြင့် အများဆုံးဖြစ်ပြီး ကယားပြည်နယ်တွင် ၈မှုဖြင့် အနည်းဆုံးဖြစ်ကာ၊ လူသတ်မှုများတွင် မန္တလေးတိုင်းဒေသကြီးတွင် ၁၈၄မှုဖြင့် အများဆုံးဖြစ်ပြီး ကယားပြည်နယ်တွင် ၄မှုဖြင့် အနည်းဆုံးဖြစ်ကာ၊ မူးယစ်ဆေးဝါးမှုတွင ်ရှမ်းပြည်နယ်တွင် ၂၀၆၃မှုဖြင့် အများဆုံဖြစ်ပြီး ချင်းပြည်နယ်တွင် ၂ မှုဖြင့် အနည်းဆုံး၊ လူကုန်ကူးမှုတွင် ရှမ်းပြည်နယ်တွင် ၄၉မှုဖြင့် အများဆုံးဖြစ်ပြီး၊ ချင်းပြည်နယ်တွင် အဆိုပါအမှုဖြစ်ပွားခြဲ့ခင်းမရှိဘဲ၊ ကယား၊စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသကြီးတွင် ၁မှုစီဖြင့် ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly