မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ရာထူးအတွက် ဂျာမနီနိုင်ငံသားနည်းပြ အလားလာရှိနေ

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ရာထူးအတွက် ဂျာမနီနိုင်ငံသားနည်းပြ အလားလာရှိနေ
ဓာတ်ပုံ-MFF

 

မေ ၃ ။                     ။ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်ရာထူးအတွက် လျာထားခြင်းခံရသည့် ဂျာမနီနိုင်ငံသား နည်းပြ အန်တွမ်နီဟေး ဦးဆောင်သော နည်းပြအဖွဲ့နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် မေလ ၃ ရက် မနက်ပိုင်းက အဖွဲ့ချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း MFF မှ ထုတ်ပြန်ထားသည်။

ယခင် နည်းပြချူပ် ဂတ်ဆီီဇီ နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့ လမ်းခွဲလိုက်ကြပြီးနောက် တစ်လကျော်အကြာ ယခုကဲ့သို့ ဂျာမနီနိုင်ငံသားနည်းပြနှင့် တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်နှင့် လက်ထောက်နည်းပြ ရာထူးများအတွက် အန်တွမ်နီဟေးနှင့်အတူ လက်ထောက်နည်းပြအဖြစ် ခီမယ်ဟာလက် နှင့် ဂိုးနည်းပြ ကာစတန်ဟာဇော့ တို့လည်း ပူးတွဲပါ၀င်လာခဲ့ပြီး MFF တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

စာချုပ် ချုပ်ဆိုရေး ကိစ္စများ၊ လက်ရွေးစင် အသင်းပြိုင်ပွဲများနှင့် ဦးတည်ချက်များ စသည့်တို့ အပါအဝင် အထွေထွေ ကိစ္စရပ်များအား နှစ်ဦးနှစ်ဖက်ဆွေးနွေးခဲ့ကြသည်ဟု MFF မှ ထုတ်ပြန်ထားသည်။

အသက် ၄၇ နှစ်အရွယ် ဂျာမန်နည်းပြ အန်တွမ်နီဟေး (Antoine Hey) သည် ကစားသမားဘဝက ကွင်းလယ်လူအဖြစ် ဆွစ်ကလပ် ဂရက်စ်ဟော့ပါး၊ ဂျာမန်ကလပ် ဒက်ဆယ်လ်ဒေါ့ဖ်၊ ရှော့ကေး၊ ကိုလုံး၊ အင်္ဂလန်ကလပ် ဘာမင်ဂမ်၊ ဘရစ္စတိုးလ်၊ အစရှိသည့် ကလပ်များတွင် ပါ၀င်ကစားခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် အနားယူခဲ့သည်။ ယင်းနောက် နည်းပြ အဖြစ် ဂမ်ဘီယာ၊ လိုင်ဘေးရီးယား၊ ကင်ညာ၊ ရဝမ်ဒါ အစရှိသည့် အာဖရိက နိုင်ငံလက်ရွေးစင် အသင်းများအား ကိုင်တွယ်ခဲ့ကာ နည်းစနစ် ဒါရိုက်တာအဖြစ်လည်း ဘာရိန်း ဘောလုံးအဖွဲ့ချုပ်နှင့် လိုင်ဘေးရီးယား ဘောလုံး အဖွဲ့ချုပ်များတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်ဟု ဘောလုံးအဖွဲ့ချုပ်က ဖော်ပြထားသည်။

ဂျာမန်နိုင်ငံသား လက်ထောက်နည်းပြ ခီမယ် ဟာလက်သည် UEFA (A) လိုင်စင်ရနည်းပြ တစ်ဦးဖြစ်ပြီး ဂိုးနည်းပြ ကာစတန်ဟာဇော့ မှာလည်း ဂျာမနီကလပ်အသင်းများတွင် ဂိုးနည်းပြအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်က အာရှဖလား ခြေစစ်ပွဲတွင် ကာဂျစ်စတန်အသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် မြန်မာအသင်း ရှုံးနိမ့်ကာ ရလဒ်ဆိုးရွားခဲ့အပြီး ရက်ပိုင်းအတွင်း နည်းပြချူပ် ဂတ်ဆီီဇီ နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့ လမ်းခွဲခဲ့ကြသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်က မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အေဗရာမိုဗစ်ကို ရာထူးမှ ထုတ်ပယ်ပြီး ယူ-၂၀ နည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်နှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly