ရန်ကုန်ကို အာရှရင်းနှီးမြုပ်နှံမှုဗဟိုဖြစ်စေရန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ပြုလုပ်မည်

ရန်ကုန်ကို အာရှရင်းနှီးမြုပ်နှံမှုဗဟိုဖြစ်စေရန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ပြုလုပ်မည်

ရန်ကုန်၊ မေ ၂ ။           ။ ရန်ကုန်တိုင်းဒေသကြီးကို အာရှတိုက်တွင်ရင်းနှီးမြှုပ်နှံမှုဗဟိုချက်မတစ်ခုဖြစ်လာစေရန် ဆောင်ရွက်ချက် တစ်ခုအနေဖြင့် Yangon Investment Forum 2018 (YIF 2018) ကို ကျင်းပသွားမည်ဖြစ်ကြောင်း မေလ ၂ရက်နေ့ Coorperative Business Centre ၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

၄င်း Forum ကို ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီ (YRIC)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) တို့မှ ကြီးမှူးကာ မေလ ၉ ရက်နေ့တွင် Novotel Yangon Max Hotel ၌ ပြုလုပ်သွားမည်ဖြစ်သည်။

Forum ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိဆာင်ရွက်နေသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြစ်သည့် စက်မှုဇုန်လုပ်ငန်း၊ လျှပ်စစ်နှင့်စွမ်းအင်၊ ပို့ဆောင်ရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ အထည်အလိပ် စသည်တို့မှ ရင်းနှီးမြုပ်နှံသူများ၏ အတွေ့အကြံုများကို ပြန်လည်ဝေမျှပေးသွားမည်ဖြစ်သည်။

Myanmar Investors Development Association (MIDA) မှ Forum ကို အဓိက ကူညီပံ့ပိုးထားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ German Corporation (GIZ) မှ ပံ့ပိုးထားကာ Pwc Myanmar နှင့် Novotel Yangon Max Hotel တို့မှ နည်းပညာအကြံပေးဖြင့် ကူညီထားသည်။

Forum မှ ရရှိနိုင်မည့် ရင်းနှီးမြုပ်နှံမှုပမာဏကို ကြိုတင်ခန့်မှန်း၍မရနိုင်ဘဲ လက်ရှိရင်းနှီးမြှုပ်နှံမှုပမာဏ နှင့် နှိုင်းယှဉ်ကာ တိုးတက်မှုကိုကြည့်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုးက ပြောသည်။

"ရင်းနှီးမြှုပ်နှံလိုတဲ့ Investors တွေက မြန်မာနိုင်ငံမှာလာရင်းတော့မယ် ရန်ကုန်မှာလာရင်းတော့မယ်ဆိုရင် သူတို့သိချင်တဲ့အချက်တွေတော်တော်များများ ရှိပါတယ်။  နောက်ရင်းနှီးမြှုပ်နှံခွင့် ရသွားပြီးရင်လည်း  နောက်ပိုင်းမှာ အစိုးရကနေပြီးတော့ ဘာတွေများဝန်ဆောင်မှုထပ်ပေးနေသလဲဆိုတဲ့ကဏ္ဍတွေမှာ ပါလာမှာ ဖြစ်ပါတယ် ။ အဲဒီတော့ ဘယ်လောက် Investors တွေကို အစိုးရတစ်ရပ်အနေနဲ့ ဘယ်လောက် Take Care လုပ်တယ်ဆိုတာကို ကျွန်မတို့ YRIC မှာ ၀န်ဆောင်မှုတွေပေးနေတယ်ဆိုတာကိုလည်း ဒီရင်းနှီးမြုပ်နှံမှုပွဲမှာ သိရှိစေမှာဖြစ်ပါတယ်" ဟု နော်ပန်းသဥ္ဇာမျိုး က ဆိုသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန် ၃၀ ခု၊ အထူးစီးပွားရေးဇုန် (သီလဝါအထူးစီးပွားရေးဇုန်) ၁ ခု တို့တည်ရှိနေပြီး အကြီးဆုံးစက်မှုဇုန်မှာ လှိုင်သာယာမြို့နယ်၌ တည်ရှိနေသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်၌ပြင်ဆင်ခဲ့သည့် ရင်းနှီးမြုပ်နှံမှုဥပဒေအရ အမေရိကန်ဒေါ်လာ ၅ သန်းနှင့်အောက် (ကျပ် သန်း ၆၀၀၀ အောက်) ပမာဏ ရင်းနှီးမြုပ်နှံမှုများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များက စီစစ်ခွင့်ပြုခွင့် ရှိပြီး ၄င်းပမာဏထက်များပြားသည့် ရင်းနှီးမြုပ်နှံမှုငွေများကို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC) က စီစစ်ခွင့်ပြုပေးနေသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း က ပြောသည်။

ထို့ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအောက်တွင် ရင်းနှီးမြုပ်နှံမှုကော်မတီများ ပေါ်ထွက်လာခြင်းဖြစ် သည်ဟု ၄င်းက ဆက်ပြောသည်။

"အရေးကြီးတဲ့အချက်တစ်ချက်ကတော့ လာရောက်ပြီးတော့ရင်းနှီးမြုပ်နှံတဲ့သူတွေဟာ Doing Business in Myanmar or Doing Business in Yangon ဘယ်လိုရင်းနှီးမြုပ်နှံကြရမလဲ။ အဲဒါတွေတစ်ဆက်တည်းပါမယ်။ ရင်းနှီးမြုပ်နှံခွင့်ရလာလို့ရှိရင် အခွန်တွေကိုဘယ်လိုပေးဆောင်ကြရမလဲ။ လိုအပ်တဲ့ Co-operate Income Tax တွေဘယ်လိုပေးကြမလဲ။ နောက်ပြီး Individual Income Tax တွေဘယ်လိုပေးကြရမလဲ။ ကုန်သွယ်ခွန်တွေကိုဘယ်လိုပေးကြရမလဲ။ ဒါတွေကလည်းသိသင့်သိထိုက်တဲ့ Information တွေဖြစ်ပါတယ်။ ဒါတွေကိုလည်း ဒီ Forum နေပြီးတော့ အကုန်လုံးပေးလိုက်တာဖြစ်ပါတယ်" ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း က ဆိုသည်။

ယခင်က ဂျပန်နို်င်ငံတွင်ပြုလုပ်ခဲ့သည့်ရင်းနှီးမြုပ်နှံမှု Forum များအရ ရင်းနှီးမြုပ်နှံလိုသူများသည် မြို့ပြနှင့် စက်မှုဇုန်ကို အဓိကစိတ်ဝင်စားနေကာ အခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေး၊ သစ်တော စသည့်အပိုင်းများကို စိတ်ဝင်စားသူများလည်းရှိနေသည်ဟု Myanmar Investors Development Association (MIDA) ၏ ဥက္ကဌ ဦးခင်မောင်အေး က ပြောသည်။

ရင်းနှီးမြုပ်နှံရန်အတွက်လည်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (နယ်စပ်ဒေသ)နှင့် မန္တလေးတိုင်းဒေသကြီး တို့ကို စိတ်ဝင်စားမှုများရှိနေသည်ဟု ၄င်းကပြောသည်။

Yangon Investment Forum 2018 (YIF 2018) ကိုတက်ရောက်ရန် www.yangoninvestmentforum.com မှ စာရင်းပေးနိုင်ပြီး လက်ရှိအချိန်တွင် စာရင်းပေးထားသူ ၆၆၅ ဦးရှိတွင် နိုင်ငံခြားမှလာရောက်မည့်သူ ၃၀၀ ဦး ရှိနေသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၁၉၉၄-၉၅ ဘဏ္ဍာနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅၈၅ ခု ဖြင့် မတည်ရင်းနှီးမြုပ်နှံမှုပမာဏ ကျပ် ဘီလီယံ ၆၉၉၀.၂၁၃၄ ရှိခဲ့သည်။

၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အထိ ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၈၄၅ ခု ဖြင့် မတည်ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀.၂၇၆ စီးဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly