ရခိုင်ပြန်လာမည့် ဒုက္ခသည်အရေး ကုလ လက်အောက်ခံအေဂျင်စီများနှင့် အစိုးရပူးပေါင်းမည်

ရခိုင်ပြန်လာမည့် ဒုက္ခသည်အရေး ကုလ လက်အောက်ခံအေဂျင်စီများနှင့် အစိုးရပူးပေါင်းမည်
ဓာတ်ပုံ - အေးချမ်းခိုင်
 

ရန်ကုန်၊ မေ ၂ ။                      ။ ရခိုင်ပြည်နယ်သို့ ဒုက္ခသည်များစိုးရိမ်မှုမရှိဘဲပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ကုသမဂ္ဂနှင့် ကုလသမဂ္ဂလက်အောက်ခံအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ မေလ ၁ ရက်နေ့ ရက်စွဲဖြင့် မေလ ၂ ရက်နေ့၌ သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့အချက်ပါ၀င်သည့်စာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများကို အဖြေရှာဆောင်ရွက်ရာတွင် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အထူးသဖြင့် ကုလသမဂ္ဂလက်အောက်ခံအေဂျင်စီများနှင့် ရခိုင်ပြည်နယ်တွင် ထိတွေ့ ဆောင်ရွက်ခြင်းဖြင့် ဒုက္ခသည်များ လုံခြုံစွာဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အစိုးရ၏ဆောင်ရွက်ချက်များကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့နှင့် နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးသွားနိုင်ရန် ဆွေးနွေးလျက်ရှိနေသည်ဟု ဖော်ပြထားသည်။

၄င်းအဖွဲ့အစည်းများက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာမှုအကူအညီ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းတို့နှင့် ရခိုင်ပြည်နယ်ရှိ လူထုအားလုံးအတွက် ပူးပေါင်းဆောင်ရွက်သွားရေးတို့အတွက်  ဆောင်ရွက်သင့်သည့်အချိန်ဖြစ်ကြောင်းလည်းဖော်ပြထားသည်။

ဒုက္ခသည်များ ရခိုင်ပြည်နယ်သို့ပြန်လည်ဝင်ရောက်ရာတွင် လုံခြုံမှု၊ သိက္ခာရှိမှု၊ ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လိုမှု တို့က အဓိကအရေးကြီးသည့်အချက်များဖြစ်သည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့သည်။

ယင်းအပြင် ကိုဖီအာနန်၏ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်မှ အစီရင်ခံစာသည် အစိုးရမှ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက်   ဆောင်ရွက်နေသည်များကို အထောက်အကူပြုစေမည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာအစိုးရ၏ ဖိတ်ကြားမှုဖြင့် ရခိုင်အရေးလေ့လာရန် ရောက်ရှိလာသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် မေလ ၁ ရက် ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သွားရောက်ခဲ့ကြသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly