လိင်အကြမ်းဖက်မှုများကို တပ်မတော်လုပ်ဆောင်ခြင်းမရှိဟု တပ်ချုပ်ဆို

လိင်အကြမ်းဖက်မှုများကို တပ်မတော်လုပ်ဆောင်ခြင်းမရှိဟု တပ်ချုပ်ဆို
ဓာတ်ပုံ-မင်းမင်း

ရန်ကုန် ၊ မေ ၁ ။           ။ နိုင်ငံတကာမှ စွပ်စွဲနေသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို တပ်မတော်အနေဖြင့် လုပ်ဆောင်ခြင်းမရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ယမန်နေ့ ဧပြီလ ၃၀ ရက်နေ့က နေပြည်တော်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကုလသမဂ္ဂလုံခြံုရေးကောင်စီမှ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဝင်များ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

" စွပ်စွဲခံနေရသော လိင်အကြမ်းဖက်မှုများနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာအရ စက်ဆုတ်ဖွယ်အပြုအမှုအဖြစ် သတ်မှတ်ထားပြီး ပြင်ထန်စွာအရေးယူဆောင်ရွက်လျက်ရှိကြောင်း ၊ တပ်မတော်အနေဖြင့် ၎င်းပြစ်မှုများကို ပိုမိုပြင်းထန်စွာအပြစ်ပေးလျက်ရှိကြောင်း၊ မြန်မာ့တပ်မတော်၏ သမိုင်းကြောင်း၌လည်း ၎င်းကဲ့သို့လိင်အကြမ်းဖက်မှုများမရှိကြောင်း" ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

Mr. Gustavo Meza Cuadra Velasquez ဦးဆောင်သည့်  ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ဝင်များက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တော ဒေသ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများအား ပြန်လည်လက်ခံနိုင်မည့် အခြေအနေများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ သဟဇာတဖြစ်သော ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်မှဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိသည့် ကိစ္စရပ်များကို မေးမြန်းခဲ့ကြသည်ဟု သိရသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ " တပ်မတော်သည် နိုင်ငံတော်ကို ကိုယ်စားပြုနေသည့် ကာကွယ်ရေးအဖွဲ့အစည်း၊ တစ်ခုတည်းသောတပ်မတော်ဖြစ်၍ စည်းကမ်း နှင့်ပတ်သက်ပြီး တိကျစွာလုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်အက်ဥပဒေများကို လိုက်နာလျက် ရှိပြီး နိုင်ငံတကာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီသာဆောင်ရွက်၍ စည်းကမ်းဖောက်ဖျက်သူများ အား ဥပဒေနှင့်အညီ တိကျစွာအရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ဆောင်မှုများကြောင့်သာ ယခုကဲ့သို့အခြေအနေများ ဖြစ်ပေါ် ခဲ့ရခြင်းဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံသို့ထွက်ခွာသွားသည့် ဘင်္ဂါလီများအားနှစ်နိုင်ငံ သဘောတူညီချက်များနှင့် အညီ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့်အသင့်ရှိကြောင်း" ပြန်လည်ပြောဆိုခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly