အာဖဂန်နစ္စတန် အသေခံဗုံးခွဲမှုများအတွင်း သေဆုံးသူ ၂၅ ဦးအနက် ဂျာနယ်လစ် ၁၀ ဦးထိ ပါ၀င်နေ

အာဖဂန်နစ္စတန် အသေခံဗုံးခွဲမှုများအတွင်း သေဆုံးသူ ၂၅ ဦးအနက် ဂျာနယ်လစ် ၁၀ ဦးထိ ပါ၀င်နေ

မေ ၁ ။        ။ အာဖဂန်နစ္စတန်နိုင်ငံ တစ်ဝှမ်း ယမန်နေ့ ဧပြီ ၃၀ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း သေဆုံးသူများထဲတွင် ဂျာနယ်လစ် ဆယ်ဦးလည်း ပါ၀င်ခဲ့ရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုများသည် ၂၀၀၁ ခုနှစ်နောက်ပိုင်း ယင်းနိုင်ငံတွင် သတင်းမီဒီယာသမားများ ပစ်မှတ်ထားတိုက်ခိုက်ခံရသည့် လူအသေအပျောက်အများဆုံး ဖြစ်စဉ်များလည်း ဖြစ်လာခဲ့သည်။

အလားတူ အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်ဘေးသင့် ယင်းနိုင်ငံတွင် ဂျာနယ်လစ်များ တွေ့ကြံုနေရလျက်ရှိသည့် အသက်ဘေးအန္တရာယ်ကို မီးမောင်းထိုး ပြသလိုက်ရာလည်း ရောက်ခဲ့သည်။ ယင်းနိုင်ငံတွင် လက်ရှိအချိန်တွင် တာလီဘန်သောင်းကျန်းသူတို့ဘက်က တိုက်ခိုက်မှုများ ပိုမို အရှိန်မြှင့်တင်လာသကဲ့သို့ အစ္စလမ္မစ်နိုင်ငံတော် (အိုင်အက်စ်) အကြမ်းဖက်အုပ်စုကလည်း ပိုမို ၀င်ရောက်တိုက်ခိုက်မှုများ လုပ်ဆောင်လာနေခြင်းကြောင့် အကြမ်းဖက်များ ပိုမို ဆိုးရွားလာနေလျက်ရှိသည်။

ကဘူးလ်မြို့တွင် ယင်းနေ့က အသေခံဗုံးခွဲမှု နှစ်ခုအထိ ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၅ ဦးထိ သေဆုံးခဲ့သည်။ ယင်းသေဆုံးသူများအနက် AFP သတင်းဌာနမှ ဓာတ်ပုံဆရာ Shah Marai နှင့် အခြား ဂျာနယ်လစ် ရှစ်ဦးထက်မနည်းလည်း ပါ၀င်ခဲ့သည်။ ဒဏ်ရာ ရသူလည်း ၄၉ ဦးထိ ရှိခဲ့သည်။

ပါကစ္စတန်နယ်စပ်အနီး Khost ဒေသတွင် ဖြစ်ပွားခဲ့သည့် သီးခြားတိုက်ခိုက်မှုတစ်ခုအတွင်း မိမိတို့၏ အသက် ၂၉  နှစ်အရွယ် သတင်းထောက် Ahmad Shah လည်း သေဆုံးသွားကြောင်း BBC က ပြောသည်။

ယင်း တိုက်ခိုက်မှုများသည် တာလီဘန်တို့ မှေးမှိန်ခဲ့ရပြီးနောက်ပိုင်း သတင်းမီဒီယာသမားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်လာခဲ့ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုများမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း အစ္စလမ္မစ်နိုင်ငံတော် (အိုင်အက်စ်) တို့က ထုတ်ဖော်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly