အီရန် နျူကလီးယားလက်နက် အစီအစဉ်နှင့် ပတ်သက်၍ သက်သေအထောက်အထားသစ်များ ရထားကြောင်း အစ္စရေး ထုတ်ဖော်

အီရန် နျူကလီးယားလက်နက် အစီအစဉ်နှင့် ပတ်သက်၍ သက်သေအထောက်အထားသစ်များ ရထားကြောင်း အစ္စရေး ထုတ်ဖော်

မေ ၁ ။           ။ အီရန်တို့၏ နျူကလီးယားလက်နက် အစီအစဉ်နှင့်ပတ်သက်၍ မိမိတို့ထံတွင် ခိုင်မာသည့် သက်သေသက္ကာယအသစ်များ ရရှိထားပြီး ဖြစ်ကြောင်း အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဧပြီ ၃၀ ရက်တွင် ထုတ်ဖော်ပြောကြားသွားသည်။

အီရန်တို့၏ အဆိုပါ နျူကလီးယားလက်နက်အစီအစဉ်မှာ အချိန်မရွေး အသက်သွင်းလုပ်ဆောင်နိုင်သည့် အခြေအနေတွင် ရှိနေကြောင်းလည်း အစ္စရေးဝန်ကြီးချုပ်က ယင်းနေ့က ရုပ်သံကနေတဆင့် ထုတ်လွှင့်သည့် မိန့်ခွန်းပြောကြားမှု အခမ်းအနားတစ်ခု၌ ထုတ်ဖော်သွားခဲ့သည်။

လက်ရှိကာလ အခိုက်အတန့်၌ အင်အားကြီး အမေရိကန်အနေဖြင့်လည်း တီဟီရန်နှင့်အကြား ချုပ်ဆိုထားပြီးဖြစ်သည့် နျူကလီးယားစာချုပ်ကနေ နှုတ်ထွက်ရန် စဉ်းစားနေသည့် ကာလတွင် ယခုကဲ့သို့ အစ္စရေးဝန်ကြီးချုပ်က အချိန်ကိုက် ထုတ်ဖော်လာခဲ့ခြင်း ဖြစ်သည်။

အစ္စရေး၏ အဓိကရန်သူတော် အီရန်အနေဖြင့် ယင်း၏ နျူကလီးယား ရည်မှန်းချက်များနှင့်ပတ်သက်၍ အမြဲတစေ လိမ်လည်ထွက်ဆိုနေခဲ့ကြောင်း နေတန်ယာဟုက စွပ်စွဲသွားခဲ့သော်လည်း အီရန်တို့ အဏုမြူလက်နက် ထုတ်လုပ်ရရှိရန် တက်ကြွစွာလုပ်ဆောင်နေသည်ဆိုသည်နှင့်ပတ်သက်၍ အထောက်အထားသက်သေများကို ထုတ်ဖော်သွားခြင်းတော့ မရှိခဲ့ပေ။

အီရန်အနေဖြင့် ၂၀၁၅ ခုနှစ်က အင်အားကြီး ခြောက်နိုင်ငံနှင့်အကြား သဘောတူညီချက် ချုပ်ဆိုထားခဲ့သော်လည်း နျူလက်နက်ရရှိရန် လျှို့ဝှက် ဆက်လက်လုပ်ဆောင်နေကြောင်း အစ္စရေးက စွပ်စွဲထားသည်။

အဆိုပါ စွပ်စွဲချက်များအတိုင်း နျူလက်နက် ရရှိရန် မိမိတို့ဘက်က ကြိုးစားနေခြင်း မရှိကြောင်း၊ မိမိတို့၏ အဏုမြူ ပရိုဂရမ်မှာ အရပ်ဘက်သုံးရန် ရည်ရွယ်ချက်ဖြင့်သာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း အီရန်တို့က အခိုင်အမာ ခုခံချေပထားသည်။

ယခုတစ်ကြိမ်တွင် အီရန် ကိစ္စနှင့်ပတ်သက်၍ နေတန်ယာဟုက ရုပ်သံကနေတဆင့် ဗီဒီယိုများ၊ ရုပ်သံ ဆလိုက်များဖြင့် ဝေဝေဆာဆာ တင်ဆက်ပြသသွားသည်။

အီရန် နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ သက်သေအထောက်အထား လျှို့ဝှက်ဖိုင်ပေါင်း ထောင်သောင်းနှင့်ချီ ပြီးခဲ့သည့် အပတ်ကတည်းက မိမိတို့ ရရှိထားခဲ့ကြောင်း၊ ယင်းသည် ကြီးကျယ်သည့် ထောက်လှမ်းရေး ဆိုင်ရာ အောင်မြင်မှုကြီးဖြစ်ကြောင်း နေတန်ယာဟုက ပြောသည်။

အီရန်တို့အနေဖြင့် ယင်း လျှို့ဝှက်လက်နက်ပစ္စည်းများကို အပြင်ပန်းက ကြည့်ရင် တစ်စစီ ယိုယွင်းနေသည်ဟု ထင်ရသည့် အဆောက်အအုံပျက်ကြီးတစ်ခုတွင်းသို့ ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခုရရှိထားသည့် အထောက်အထားသက်သေများကို အမေရိကန်ဆီကို ဝေမျှ ပေးသွားမည်ဖြစ်ပြီး ဆက်လက်၍လည်း အခြားနိုင်ငံများသာမက နိုင်ငံတကာ အဏုမြူအေဂျင်စီ ထံသို့လည်း ပေးပို့အကြောင်းကြားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags