စကားပြေအရေးအသား အမှားပြဿနာ(၀ါကျ)

စကားပြေအရေးအသား အမှားပြဿနာ(၀ါကျ)

 

စကားပြေအရေးအသားမှာ အဆင့်လေးဆင့်ရှိတယ်လို့ ဆရာကြီးမောင်ခင်မင်က သုံးသပ်ပြထားပါတယ်။ “စကားလုံး၊ ၀ါကျ၊ စာပိုဒ်၊ စာပုဒ်” ဆိုပြီး အဆင့်လေးဆင့် ရှိတယ်ဆိုတာ မှတ်သားဖွယ်ဖြစ်ပါတယ်။

ကျနော်တို့ဟာ စကားပြေရေးတဲ့အခါ ပထမဦးဆုံး ရင်ဆိုင်ဖြတ်သန်းရတဲ့အဆင့်က စကားလုံးများ ရွေးချယ်စီစဉ်ချထားခြင်းအဆင့်ပါပဲ။ စကားလုံးများဟာ စကားပေါင်းသတ်ပုံမှန်ရမယ်ဆိုတဲ့ အခြေခံကအစ နောက်ဆုံး တွဲဖက်အနက်၊ ဂယက်အနက် ဆိုတဲ့စကားလုံးများရဲ့ စွမ်းဆောင်နိုင်တဲ့အရည်အချင်းများအဆုံး ဆွေးနွေးခဲ့ကြပြီးဖြစ်ပါတယ်။

ဒီနေရာမှ စကားချပ်အနေနဲ့ပြောရရင် ကျနော်ဟာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်က မြန်မာစကားပြေအရေးအသားတွေကို နေ့စဉ်လိုပဲ ဖတ်လေ့ရှိပါတယ်။ အထူးသဖြင့် ကိုယ်ကိုယ်တိုင်က စာပေအရေးအသား ၀ါသနာထုံသူဖြစ်တာမို့ ဘယ်သူတွေ ဘယ်လိုရေးသားကြသလဲဆိုတဲ့အသိနဲ့လည်း ဖတ်ပါတယ်။ ဒီအခါမှာ ကိုယ်နဲ့လုပ်ဖေါ်ကိုင်ဖက် မီဒီယာနယ်ပယ်က ပုဂ္ဂိုလ်များကို ပိုပြီး အာရုံစိုက် လိုက်ဖတ်မိပြန်ပါတယ်။ ဖတ်ရသမျှ အများစုဟာ အခု စကားပြေအဆင့် လေးဆင့်အနက်က စကားလုံးရွေးချယ်စီစဉ်ဖွဲ့စည်းမှုအဆင့်မှာတွင် အမှားမှားအယွင်းယွင်း ဖြစ်နေကြတာ တွေ့ရပါတယ်။

တစ်ခါတလေ အမြင်မတော်တဲ့အခါ အကြံပေးလို့ လက်ခံမယ်လို့ယူဆရသူတွေကို ကျနော်က စကားလုံးပေါင်းသတ်ပုံတွေမှားနေတာကို နားခံသာအောင် ပြင်ပေးတာမျိုး လုပ်မိပါတယ်။ ဒါပေမယ့် အဲဒီ ကူညီပြင်ပေးလိုက်တဲ့စကားလုံးကိုပဲ အဲဒီပုဂ္ဂိုလ်ဟာ အရင်လိုပဲ ဆက်ပြီးမှားနေတာတွေ့ရပါတယ်။ ဥပမာ “တသတ်နဲ့ ကသတ် ”မှားရေးနေတာမျိုးဆိုပါတော့။ “ကျမတို့ဟာ ပြောတက်ဆိုတက်ဖို့ လိုပါတယ်”လို့ မှားရေးထားတာကို ကျနော်က “ကျမတို့ဟာ ပြောတတ်ဆိုတတ်ဖို့ လိုပါတယ်”လို့ ပြန်ပြင်ရေးပေးပေမယ့် နောက်တစ်ခါ အဲဒီပုဂ္ဂိုလ်ဟာ ထပ်ပြီးမှားနေပြန်တာပါပဲ။ “တသတ်”နဲ့ရေးရမှာဖြစ်ပေမယ့် “ကသတ်”နဲ့ချည်းပဲရေးနေတာ တွေ့ရတာပါပဲ။ အင်မတန် စိတ်ပျက်ဖို့ကောင်းတဲ့အမှားပါပဲ။ အဲဒါ တစ်ယောက်နှစ်ယောက်မဟုတ်ပါဘူး။ တော်တော်များများ မှားရေးတတ်လေ့ရှိတဲ့ စကားလုံးတွေပါပဲ။ စိတ်ပျက်ဖို့ကောင်းတယ်လို့ မုဒိယာစိတ်နဲ့ ကျနော်ပြောရတာက အဲဒီလိုမှားရေးနေတဲ့သူတွေဟာ တခြားနယ်ပယ်က ပုဂ္ဂိုလ်တွေမဟုတ်ဘဲ မီဒီယာနယ်ပယ်က လူတွေဖြစ်နေတာမို့ ပိုပြီး စိတ်ပူမိတာပါပဲ။

တစ်ခါ ထပ်ပြီး အလေးအနက်ထားဆွေးနွေးချင်တာ ရှိပါသေးတယ်။ အဲဒါကတော့ “ရှေ့နဲ့ အရှေ့၊ နောက် နဲ့ အနောက်”ဆိုတဲ့စကားလုံးတွေပါပဲ။ ဒါ ရှေ့ပိုင်းမှာ ကျနော်ဆွေးနွေးခဲ့ပြီးဖြစ်ပေမယ့် ထပ်ပြီးဆွေးနွေးချင်လောက်အောင်ကိုပဲ ဆက်လက်မှားယွင်းစွာ ရေးနေကြတာဖြစ်လို့ ဒီကနေ့ထပ်ပြီးဆွေးနွေးလိုက်တာပါ။

“ရှေ့” ဆိုတဲ့စကားလုံးက ကျနော့်အိမ်ရှေ့၊ ငါ့ရဲ့ရှေ့၊ ကားရဲ့ရှေ့ အဲသလို အနေအထားမျိုးမှာ ရှေ့ဆိုတဲ့စကားလုံးကို သုံးပါတယ်။

“အရှေ့” ဆိုတဲ့စကားလုံးကတော့ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်မျက်နှာလေးခုထဲက တစ်ခုဖြစ်တဲ့ “အရှေ့အရပ်”ကို ရည်ညွန်းချင်တဲ့အခါ သုံးပါတယ်။ ဒါကြောင့်မို့ “ရှေ့” နဲ့ “အရှေ့”ဟာ မတူပါဘူး။ အဲသလိုပါပဲ။ “နောက်နဲ့ အနောက်”ဟာလည်း အဓိပ္ပါယ်မတူကြပါဘူး။ အခုတော့ ဘယ်သူမဆို “ရှေ့ကဖြစ်ခဲ့ပြီးသော” အမှားတွေကို သင်ခန်းစာယူကြပါစို့လို့ပြောရမယ့်နေရာမှာ “အရှေ့ကဖြစ်ခဲ့ပြီးသော”ဆိုပြီး မှားရေးမှားပြောနေကြတာ များပါတယ်။ “ငါ့နောက်မှာလာပြီး ရပ်မနေပါနဲ့ ”ရေးရမယ့်အစား “ငါ့အနောက်မှာလာပြီး ရပ်မနေပါနဲ့”လို့ မှားရေးနေကြတာ အများဆုံးတွေ့နေရပါတယ်။ အမှားကြာ အမှန်ဖြစ်ဆိုတာမျိုး ဖြစ်လာတဲ့သဘောဆောင်လာနေပြီထင်ပါရဲ့။

ကဲ အလျဉ်းသင့်တုန်း ကြားညှပ်ပြီးဆွေးနွေးတာလေးရပ်ပြီး ဆက်ကြရအောင်။

စကားပြေအဆင့် လေးဆင့် ရှိတဲ့အနက် ကျနော်တို့ဟာ စကားလုံးသုံးစွဲမှုအဆင့်ကို အတော်အသင့်ဆွေးနွေးခဲ့ကြပြီးဖြစ်ပါတယ်။ အခု အဆင့် ၂ ဖြစ်တဲ့ “၀ါကျ ”ဆိုတဲ့အဆင့်ကို ဆက်ပြီးသွားကြရအောင်ပါ။

မှန်ပါတယ်။ ကျနော်တို့ဟာ ပထမဦးစွာ စကားလုံးတွေစဉ်းစားထားပြီးဖြစ်တဲ့အခါ အဲဒီစကားလုံးတွေကိုအသုံးပြုပြီး ၀ါကျ တစ်ခု ဖန်တီးပါတော့မယ်။ ဒါဆိုရင် ဆွေးနွေးဖို့လိုအပ်လာတာက ၀ါကျ ဆိုတာဘာလဲ ဆိုတဲ့မေးခွန်းပါပဲ။ ၀ါကျဆိုသည်မှာ  ဆိုလိုချက်တစ်ခု ပြီးပြည့်စုံအောင် စကားလုံးများဖြင့် ဖွဲ့စည်းထားတဲ့ စာကြောင်းဖြစ်ပါတယ်။

လူအချင်းချင်း စာရေးပြီးပြောတာပဲဖြစ်ဖြစ်၊ ပါးစပ်နဲ့ပြောတာပဲဖြစ်ဖြစ် ဆိုလိုချက်ပြည့်စုံအောင်ပြောမှ ဖတ်သူနားထောင်သူက အဓိပ္ပါယ်အပြည့်အဝ နားလည်မှာပါ။ စကားလုံးတွေချည်းပဲ အဆက်အစပ်မရှိ စနစ်တကျဖွဲ့စည်းခြင်းမရှိ ရေးနေပြောနေရင်လည်း ဖတ်သူ နားထောင်သူဟာ ဘာဆိုလိုတယ်ဆိုတာ သဘောပေါက်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ အဓိပ္ပါယ် ပြည့်စုံအောင် စကားလုံးများဖြင့် စနစ်တကျ ဖွဲ့စည်းထားသော စာကြောင်းကို ၀ါကျလို့ခေါ်ပါတယ်။

၀ါကျရဲ့ စွမ်းဆောင်ရည်ကို သိသာအောင်ပြောမယ်ဆိုရင် ကျနော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံကြရာမှာ အသုံးပြုတဲ့စကားလုံးတွေကို ဖြတ်တောက် ဖြုတ်ယူပြီး စကားလုံချည်းပဲ ပြောကြည့်ပါ။ ဘာပြောနေတာလဲဆိုတာ နားလည်နိုင်မှာမဟုတ်ပါဘူး။ စကားလုံးတွေချည်းပဲ ရေးနေပြောနေရင် ဘယ်သူမှနားလည်နို်င်မှာမဟုတ်ဘူး။ အဲဒီစကားလုံးတွေကို စနစ်တကျ ဆက်စပ်ထားသိုပြီး ရေးမှပြောမှသာ နာလည်နိုင်ကြမှာဖြစ်ပါတယ်။ အဲဒါ ၀ါကျရဲ့စွမ်းဆောင်ရည်ပါပဲ။

ဒီနေရာမှာ နည်းနည်းဆွေးနွေးစရာရှိတာက အင်္ဂလိပ်စာ ဆိုပါစို့။ ကျနော်တို့က အင်္ဂလိပ်စကားလုံးတွေကို အဘိဓါန်စာအုပ် တစ်အုပ်လုံးကုန်အောင် ကျက်ထားပြီးဖြစ်သည့်တိုင် အင်္ဂလိပ်စာတတ်သူ နားလည်သူလို့ မဆိုနိုင်ပါဘူး။ အဲဒီအင်္ဂလိပ်စကားလုံးတွေကို သူ့ဘာသာရပ်သတ်မှတ်ချက်နဲ့အညီ ဆက်စပ်ထားသိုပြီး ရေးတတ်ပြောတတ်သူမှသာ အင်္ဂလိပ်စာတတ်သူလို့ ပြောနိုင်မှာပါ။

ကဲ ဒီလောက်ဆိုရင် ၀ါကျ ရဲ့အရေးပါမှု ၀ါကျရဲ့စွမ်းဆောင်ရည်က ဘာလဲဆိုတဲ့မေးခွန်းရဲ့အဖြေကို ကျနော်တို့ နားလည်လောက်ပြီလို့ထင်ပါရဲ့။

နောက်ထပ်ပြီးသွားရမယ့်အကြောင်းအရာက “၀ါကျဖွဲ့နည်း” ဆိုတဲ့အကြောင်းအရာပါပဲ။ ၀ါကျတစ်ခုဖြစ်အောင် ဘယ်လိုဖွဲ့စည်းကြမလဲဆိုတဲ့ အချက်ကို သွားကြရပါလိမ့်မယ်။

ဒီနေရာမှာ ဥပမာပေးတဲ့အရာတွေကလွဲပြီး ၀ါကျဖွဲ့နည်းဆွေးနွေးချက်တွေဟာ ဆရာကြီး ဥိီးဖေမောင်တင်နဲ့ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)တို့ရဲ့ ၀ါကျဆိုင်ရာ အယူအဆများအပေါ်မှာ အမှီပြုပြီး ဆွေးနွေးသွားမှာဖြစ်ကြောင်း ကြိုတင်ဝန်ခံထားချင်ပါတယ်။

(က) ကြိယာ တစ်ခုရှိသောဝါကျ

ပြုမူမှု၊ ဖြစ်မှု၊ ရှိမှု တစ်မျိုးချင်းစီကိုသာဖေါ်ပြသော ၀ါကျ ဖြစ်ပါတယ်။ ဒါကိုပဲ ဆရာကြိီး ဦးဖေမောင်တင်က ၁၁ မျိုးခွဲပြီး စီစစ်ပြထားပါတယ်။

အဲဒီ ၀ါကျ ၁၁ မျိုး ထဲမှာမှ အင်မတန်တိုတောင်းပြီး အရိုးရှင်းဆုံးဝါကျအမျိုးအစားကတော့ “မအေးငိုသည်” ဆိုတဲ့ဝါကျမျိုးပါပဲ။ မအေး(ကတ္တား)နဲ့ ငိုသည်(ကြိယာပုဒ်) ဒီနှစ်ခုပဲပါ၀င်တဲ့ ၀ါကျ အမျိုးအစားပါပဲ။ အဓိပ္ပါယ်ပြည့်စုံတဲ့ ၀ါကျလည်းဖြစ်ပါတယ်။ ကျန်တဲ့ ၀ါကျအမျိုးအစား ၁၀ မျိုးကတော့ အဲဒီ ကတ္တားနဲ့ ကြိယာကြား အခြားပုဒ်အမျိုးမျိုး ထည့်သွင်းခြင်းဖြင့် အမျိုးမျိုးသော ၀ါကျတွေ ဖြစ်လာစေတာပါပဲ။

ကဲ ဒီကနေ့တော့ ၀ါကျအမျိုးမျိုးအကြောင်း ဒီမှာတင် ခဏရပ်ချင်ပါတယ်။ နောက်နေ့တွေမှာ ဆက်လက်ဆွေးနွေးသွားပါ့မယ်။

လူငယ်များ စကားပြေအရေးအသား မှန်ကန်လှပနိုင်ကြပါစေ။

 

 

Mizzima Weekly