အုပ်ချုပ်ရေးမှူးအား ထုတ်ပယ်ရန် လွှတ်တော်ကိုယ်စားလှယ်များက ဖိအားပေးသည်ဟုဆိုကာ လူအင်အား ၄၀၀ ခန့် ဆန္ဒထုတ်ဖော်

အုပ်ချုပ်ရေးမှူးအား ထုတ်ပယ်ရန် လွှတ်တော်ကိုယ်စားလှယ်များက ဖိအားပေးသည်ဟုဆိုကာ လူအင်အား ၄၀၀ ခန့် ဆန္ဒထုတ်ဖော်

 

မကွေး၊ ဧပြီလ ၃၀ ။          ။ မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် ကျောက်စံကျေးရွာအုပ်စုနေထိုင်သူများက ရွေးချယ်တင်မြှောက် ထားသော ရပ်ကျေးအုပ်ချုပ်ရေးမှူးအား အပြစ်မရှိဘဲ တာဝန်မှ ရပ်စဲခဲ့၍ မကျေနပ်သည့်အတွက်ဟု ဆိုကာ ယနေ့ ဧပြီလ ၃၀ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ပေါ် သွားရောက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

မင်းဘူးမြို့နယ် ကျောက်စံအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန်းလွင်အား ရာထူးမှ ထုတ်ပယ်ရန်အတွက် လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးနှင့် NLDပါတီ၏မြို့နယ်အလုပ်အမှုဆောင်များက ဖိအားပေးခဲ့သည်ဟု ထင်မြင်ယူဆ သဖြင့် ဒေသခံရွာသူ/ သားများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ကျောက်စံရွားတစ်ဦးထံမှ သိရသည်။

“ ယနေ့ ကျွန်တော်တို့ပြည်သူလူထုက ကျောက်စံကျေးရွာအုပ်ချုပ်ရေးမှူးဦးသန်းလွင်ကို ပြန်လည် ခန့်အပ် နေရာချထားပေးစေဖို့  လိုလားဆန္ဒရှိနေကြောင်းကို မကွေးတိုင်းဝန်ကြီးချုပ် သိရှိပြီး ဆောင်ရွက် ပေးစေလိုတဲ့ စိတ်ဆန္ဒဖြင့် မကွေးမြို့ပေါ်တက်လာပြီးဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်” ဟု ကျောက်စံ ကျေးရွာနေ ကိုရန်လေးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျောက်စံအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန်းလွင် သည် ကျေးရွာမီးလင်းရေးအတွက် နာယကအဖြစ် ဆောင်ရွက်ရမည်ဖြစ်သော်လည်း ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခဲ့ပြီး ငွေကြေးအလွဲသုံးစားပြုလုပ်ခဲ့သည်ဟုဆိုကာ အဆိုပါမီးလင်းရေးကော်မတီအဖွဲ့၏ အဖွဲ့ဝင် တစ်ဦးက စကုမြို့နယ်ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်တိုင်ကြားသဖြင့် စစ်ဆေးတွေ့ရှိချက်များအရ အုပ်ချုပ်ရေးမှူးရာထူးမှ ဖယ်ရှားပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးက စာထွက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

ထိုသို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရာထူးမှ ဖယ်ရှားရန်အတွက် မင်းဘူးမြို ့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တိုင်းဒေသကြီး(၁)မှလွှတ်တော်ကိုယ်စားလှယ်နှင့် မင်းဘူးမြို ့မှ NLD မြို့နယ် အလုပ် အမှုဆောင်များကဖိအားပေးခဲ့သည်ဟုဆိုခြင်းမှာ မဟုတ်ကြောင်း မင်းဘူးမြို့နယ်၊ တိုင်းဒေသကြီး(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်က ပြောသည်။

" ဧပြီလ(၂၀)ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူ းရယ် မြို့နယ်ရဲ့တပ်ဖွဲ့မှူ းတွေကိုခေါ်သွားပြီး ရှင်းပြီးပါပြီ။ လွှတ်တော်ကိုယ်စား လှယ်ဆိုတာ အရှင်းကြီးပါဗျာ။ ဥပဒေပြုရေးမဏ္ဍိုုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုုင်ကို သွားပြောလို့လည်းမရဘူး ဝင်ရောက်စွက်ဖက်လို့လည်းမရဘူး။ ကျွန်တော်တို့ဖိအားမပါဘူးဆိုတာကို ရှင်းခိုင်းပြီးပါပြီ" မင်းဘူးမြို့နယ်၊ တိုင်းဒေသကြီး(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်က ဆိုသည်။

မကွေး ဧရာဝတီတံတားအောက် ကမ်းနားလမ်းတွင် ကျောက်စံကျေးရွာအုပ်စု ကျောက်စံကျေးရွာနှင့် ဆည်ရွာ တို့မှ လူအင်အား ၄၀၀ခန့် လာရောက်ကာ အထက်ပါဖြစ်စဉ်အား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် သိရှိ စေရန်နှင့် အမှန်တရားအတိုင်းဆောင်ရွက်ပေးရန် ယခုလို လာရောက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများက ပြောသည်။

ဆန္ဒထုတ်ဖော်ခြင်းကို နံနက်(၉)နာရီခွဲအချိန်မှ စတင်၍ ကမ်းနားလမ်းမှတစ်ဆင့် မဲထီးလမ်းမှ ဆက်လက်၍ သစ္စာလမ်းမှ ပြည်တော်သာလမ်းကြောင်းအားဖြတ်၍အထက(၁)လမ်းမှ ကန်သာအေးစေတီဘုရားကွင်းပြင် သို့ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ကြရာတွင် “ ပြည်သူရွေးချယ်သောအုပ်ချုပ်ရေးမှူးဖြစ်ရေး ဒို့အရေး။ ကျောက်စံကျေးရွာ အုပ်ချုပ်ရေးမှူးဦးသန်းလွင် ပြန်လည်ဖြစ်မြောက်ရေး ဒို့အရေး ဥပဒေနှင့်အညီ အမှန်တရားပေါ်ပေါက်ရေး ဒို့အရေး” ဟူ၍ကြွေးကြော်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခြင်းအား တရားဝင် ခွင့်ပြုချက်တင်ပြီး နံနက် ၉နာရီမှ နေ့လည် ၁၂ နာရီခွဲ အချိန် သတ်မှတ်ထားရှိကြောင်းကျောက်စံကျေးရွာမှ ကိုရန်လေးက ပြောသည်။

“ ရွာကကြိုက်တဲ့ အုပ်ချုပ်ရေးမှူ းကိုထုတ်ပယ်လိုက်တော့ မကျေမနပ်ဖြစ်ပြီး ဆန္ဒထုတ်ဖော်ကြတာ။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ NLD မြို့နယ်အလုပ်အမှုဆောင်တွေ က ဖိအားပေးတယ်ဆိုပြီးတော့ထင်လို့။ ဘာအပြစ်ရှိလို့ ထုတ်လည်းမေးတော့ အကြောင်းပြချက်မရှိဘူး။ ကျေးရွာကလူတွေ တော်တော် မကျေမနပ် ဖြစ်နေကြတယ်” ဟု ကျောက်စံကျေးရွာမှ ဦးရန်လေးက ဆိုသည်။

အဆိုပါကျောက်စံအုပ်စုတွင် ကျောက်စံ၊မန်းကောက်နှင့် ဆည်ရွာတို့အပါအဝင် ကျေးရွာ ၃ ခုရှိသော်လည်း ဆန္ဒထုတ်ဖော်ရာတွင် ကျောက်စံနှင့် ဆည်ရွာတို့မှ ကျေး ရွာသူ/သား (၄၀၀)ခန့်ပါဝင်ခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်စဲခဲ့သဖြင့် ဒေသခံရွာသူ/သားများက ဧပြီလ (၁၉)ရက်နေ့ကrS စတင်ကာ (၂၁)ရက်နေ့ အထိ ဆန္ဒထုတ်ဖော်လျှက်ရှိကြပြီး ယနေ့ မကွေးမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်ခဲ့ကာ အဆိုပါအုပ်ချုပ်ရေးမှူးအား ပြန်လည်မခန့်မအပ်မချင်း ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ကျောက်စံ ကျေးရွာသားတစ်ဦးထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly